3
အချင်းလူသား တွေ့မြင်သောဤစာလိပ်ကိုစား၍၊ ဣသရေလအမျိုးသားတို့အား သွားရောက်ဆင့်ဆိုလော့ဟုမိန့်တော်မူသည့်အတိုင်း၊ နှုတ်ဖွင့်သောငါ့အား၊ စာလိပ်ကိုခွံ့တော်မူလျက်၊ အချင်းလူ့သား၊ ငါကျွေးသောဤစာလိပ်ကို ဝမ်းပြည့်အောင် စားမျိုလော့ဟုမိန့်တော်မူသော်၊ ငါစား၍ခံတွင်း၌ပျားရည်ကဲ့သို့ချို၏။
တစ်ဖန်မိန့်တော်မူသည်ကား အချင်းလူ့သား၊ ဣသရေလ အမျိုးသားတို့အား ငါ့ဗျာဒိတ်ချက်များကိုသွား၍ဆင့်ဆိုလော့။ နက်သောအသံ၊ ခက်သောစကားကိုသုံးသောလူမျိုးအား၊ ငါစေလွှတ်သည်မဟုတ်။ ဣသရေလအမျိုးသားတို့အား၊ ငါစေလွှတ်၏။ မကြားလောက်အောင် နက်သောအသံ၊ ခက်သောစကားကိုသုံးသောလူမျိုးတို့အား အကယ်၍ငါစေလွှတ်လျှင်၊ မုချနားထောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားအပေါင်းတို့ကား၊ ခဲယဉ်းသောစိတ်၊ ပြောင်တောင်သောနဖူးရှိသည့်အတိုင်း ဗျာဒိတ်တော်ချက်ကို နားထောင်ရန်အလိုမရှိသည့်အလျောက်၊ သင်ဆင့်ဆိုချက်ကိုလည်း နားမထောင်လိုဘဲနေကြလိမ့်မည်။ သင်၏မျက်နှာကို ချင်းတို့မျက်နှာနှင့်အမျှ၊ သင်၏နဖူးကိုလည်း ချင်းတို့နဖူးနှင့်အမျှ ငါပြောင်တောင်စေပြီ။ သင်၏နဖူးကို မီးခတ်ကျောက်ထက်မာသောစိန်ကျောက်သဖွယ်ငါဖြစ်စေသဖြင့်၊ ပုန်ကန်လေ့ရှိသောထိုလူမျိုးကြောင့်ကြောက်ရွံ့ခြင်း၊ မျက်နှာထားကြောင့် တုန်လှုပ် ခြင်းကင်းလျက်နေလော့ဟူ၍လည်းေကာင်း၊ 10 အချင်းလူ့သား ငါ့မိန့်သမျှသောအချက်များကို နားထောင်ခြင်း၊ နှလုံးသွင်းခြင်းပြုလျက်၊ 11 သိမ်းသွားခံရသောလူမျိုးသားချင်းတို့အား၊ နားထောင်ကြသည်ဖြစ်စေ၊ နားမထောင်ကြသည်ဖြစ်စေ၊ အရှင်ထာဝရဘုရားဤသို့မိန့်တော်မူသည်ဟု၊ သွားရောက်ကြား ပြော ဆင့်ဆိုလော့ဟူ၍လည်းေကာင်း၊ မိန့်တော်မူ၏။
12 ထိုအခါ ဝိညာဉ်တော်သည် ငါ့ကိုချီမသော်၊ စံရာတော်မှ ထွက်သောထာဝရဘုရား၏ ဘုန်းတော်သည်၊ မင်္ဂလာရှိပါစေသောဟု ငါ့နောက်၌ပြင်းထန်သောတုန်လှုပ်သံကိုလည်းေကာင်း၊ 13 အချင်းချင်းယှက်သောသတ္တဝါတို့အတောင်ခတ်သံ၊ အနီးရှိစက်များ၏လည်သံနှင့်ပြင်းထန်သောတုန်လှုပ်သံများကိုလည်းေကာင်း၊ ငါကြားရ၏။ 14 ဝိညာဉ်တော်ချီမဆောင်သွားရာ၊ နစ်နာပူပန်ခြင်းစိတ်ရှိသောငါသည်၊ ထာဝရဘုရား၏လက်တော်ကိုင်ဆွဲသဖြင့် လိုက်သွားလျက်၊
15 ခေဗာမြစ်အနီး တေလဗိဗမြို့ရှိ၊ သိမ်းသွားခံရသူတို့နေရာသို့ ရောက်ပြီးလျှင်၊ ခုနစ်ရက်တိုင်တိုင်အံ့အားသင့်လျက်၊ သူတို့နှင့်အတူထိုင်နေ၏။ 16 ခုနစ်ရက်လွန်ပြီးမှ ငါသို့ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 17 အချင်းလူ့သား၊ ဣသရေလအမျိုးသားတို့အဖို့၊ သင့်ကိုကင်းစောင့်သဖွယ် ငါထားပြီဖြစ်၍၊ နှုတ်မြွက်သောဗျာဒိတ်တော်ကို နာခံလျက်၊ ထိုသူတို့အားဆုံးမလော့။ 18 လူဆိုးအား၊ မုချသေဒဏ်ခံရမည်ဟု ငါမိန့်ဆိုရာ၌၊ သင်သည် ထိုလူဆိုးကို အသက်ချမ်းသာရအံ့သောငှာ၊ ဆိုးသွမ်းသောအလေ့အလာမှ ကြဉ်ရှောင်ရန်၊ အဆုံးအမ စကားဖြင့် သတိမပေးလျှင်၊ ကိုယ့်ဒုစရိုက်ကြောင့်ထိုလူဆိုးသေဒဏ်ခံရလျက်ပင်၊ အသွေးကိုကားသင့်ထံငါတောင်းဆိုမည်။ 19 သင်သတိပေးသောလူဆိုးသည်၊ မကောင်းမှုနှင့်ဆိုးသွမ်းသောအလေ့အလာမှမကြဉ်ရှောင်လျှင်၊ ကိုယ့်ဒုစရိုက်ကြောင့်သေဒဏ်ခံရလျက်ပင် သင်မူကား၊ ကိုယ့်အသက်ကိုကယ်လေပြီ။ 20 သူတော်ကောင်းသည် ကိုယ့်ကောင်းမှုမှေဖာက်ပြန်၍၊ မတရားပြုမိသဖြင့်၊ ခလုတ်ကိုငါထားသည့်အလျောက် သေဒဏ်ခံသော်၊ သင်ဆုံးမပြီမဟုတ်က၊ ပြုဖူးသော ကောင်းမှုများကို အရေးယူတော်မူခွင့်မရဘဲ၊ ကိုယ့်အပြစ်ကြောင့်သေဒဏ်ခံရလျက်ပင်၊ အသွေးကိုကား၊ သင့်ထံငါတောင်းဆိုမည်။ 21 သူတော်ကောင်းမပြစ်မှားရဟု၊ သင်သတိပေးသည့်အတိုင်း၊ မပြစ်မှားဘဲနေလျှင်၊ သတိမူသည့်အတွက်မုချအသက်ချမ်းသာရလိမ့်မည်။ သင်လည်းကိုယ့်အသက်ကို ကယ်လေပြီဟုမိန့်တော်မူ၏။
22 ထိုအရပ်၌ ငါ့အပေါ်တွင် ထာဝရဘုရား၏လက်တော်သည်နေရာ၊ မြေပြင်သို့ထသွားလော့။ သင့်အား၊ ငါမြွက်ဆိုမည်ဟုမိန့်တော်မူသည့်အတိုင်း၊ 23 မြေပြင်သို့ငါထသွားပြီးလျှင်၊ ခေဗာမြစ်အနီး ငါဖူးမြင်ခဲ့သော ဘုန်းဂုဏ်တော်နည်းတူ၊ ထာဝရဘုရား၏ ဘုန်းတော်တည်သည်ကို ငါမြင်ရသဖြင့်၊ ပျပ်ဝပ်လျက်နေရာ၊ 24 ဝိညာဉ်တော်သည် ငါ့အတွင်းသို့ဝင်ရောက်၍ ခြေစုံရပ်စေပြီးလျှင်၊ မိန့်တော်မူသည်ကား အိမ်သို့သွား၍ မထွက်ဘဲနေလော့။ 25 အချင်းလူ့သား၊ သင်သည် ကြိုးများဖြင့်ချည်နှောင်ခြင်းခံလျက်၊ ဝင်ထွက်ခွင့်မရဘဲနေရမည်။ 26 ငါလည်း သင့်အာခေါင်၌ လျှာကိုကပ်စေ၍၊ ပုန်ကန်လေ့ရှိသော ထိုလူမျိုးတို့အား၊ မပဲ့ပြင်ဘဲဆိတ်ဆိတ်နေလော့။ 27 ငါမိန့်မြွက်ပြန်သော်ကား ပြောဆိုခွင့်ရသည့်အတိုင်း၊ သင်က အရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်ဟု ဆင့်ဆိုရမည်။ နားထောင်သူသည် နားထောင်စေ။ ပုန်ကန်လေ့ရှိသောလူမျိုးဖြစ်သည့်အလျောက်၊ နားမထောင်သူသည် နားမထောင်ဘဲနေစေ။