28
1 တစ်ဖန်၊ ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာ၍၊
2 အချင်းလူ့သား၊ တုရုမြို့စံမင်းအား သင်ဆင့်ဆိုရမည့် ငါအရှင်ထာဝရဘုရား၏ဗျာဒိတ်ချက်ကား၊ ဘုရားသခင်သဘောတော်နှင့်အမျှ၊ သဘောကိုချီးမြှင့်လျက်ပင်၊ ဘုရားမဟုတ် လူမျှသာဖြစ်သောသင်က၊ ငါသည် ဘုရားဖြစ်၏။ ဘုရားသခင့်စံနေတော်မူရာ သမုဒ္ဒရာဗဟိုတွင်၊ ငါစံနေသည်ဟု စိတ်နေမြင့်၍ အောက်မေ့သောကြောင့်လည်းေကာင်း၊
3 နက်နဲရာဟူသမျှကိုကွယ်ဝှက်ခြင်းကင်းလျက်၊ ဒံယေလထက်ပညာလွန်ကဲခြင်း၊
4 ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်ကြောင့်ကြွယ်ဝလျက်၊ ဘဏ္ဍာတိုက်တွင် ရွှေငွေပြည့်ခြင်း၊
5 ပညာလွန်ကဲလျက်၊ ဖောက်ကားရေးဖြင့် စည်းစိမ်တိုးပွားခြင်း၊ စည်းစိမ်ရှိလျက် စိတ်နေမြင့်ခြင်းများနှင့်ပြည့်သောသင်သည်၊
6 ဘုရားသခင်သဘောတော်နှင့်အမျှ၊ သဘောကိုသင်ချီးမြှင့်သောကြောင့်လည်းေကာင်း၊ ငါအရှင်ထာဝရဘုရားက၊
7 လူမျိုးခြားတို့ထက်ကြမ်းကြုတ်လှသော၊ ငါခေါ်ဆောင်မည့်သူစိမ်းတို့သည်၊ သင့်ပညာဆိုင်ရာ တင့်တယ်ခြင်း တစ်ဘက်၊ ဓားကိုချွတ်၍၊ ထွန်းကားခြင်းကိုလည်းကွယ်စေ ပြီးလျှင်၊
8 သင်္ချၖိုင်းတွင်းသို့ချကြသည့်အလျောက်၊ လုပ်ကြံခံရသူတို့နည်းတူ သေဒဏ်ကို၊ သမုဒ္ဒရာဗဟိုတွင်ပင်၊ သင်ခံရလတ္တံ့။
9 လုပ်ကြံသူ့လက်အောက်တွင်၊ ဘုရားမဟုတ်၊ လူမျှသာဖြစ်သောသင်က ငါဘုရားဖြစ်သည်ဟု အာဏာသားရှေ့ ဆိုဝံ့ဦးမည်လော။
10 ငါအရှင်ထာဝရဘုရားဗျာဒိတ်ချက်အရ၊ သင်သည် သူစိမ်းတို့လက်ဖြင့်၊ လှီးဖြတ်ခြင်း မဲ့သူတို့ကဲ့သို့ သေဒဏ်ခံရလတ္တံ့ဟု၊ ငါမိန့်ဆိုသည်ဟူ၍တည်း။
11 ထာဝရဘုရား၏ဗျာဒိတ်တော်သည်၊ ငါသို့ရောက်ပြန်၍၊
12 အချင်းလူ့သား၊ တုရုမြို့စံမင်းဆိုင်ရာငိုချင်းကိုဖွဲ့ဆိုလျက်၊ သင်ဆင့်ဆိုရမည့်၊ ငါအရှင်ထာဝရဘုရား၏ဗျာဒိတ်တော်ချက်ကား၊ ပညာနှင့်ပြည့်စုံ၍၊ ကြန်အင်မယွင်း ရှုချင်ဖွယ်ကောင်းလျက်၊ စုံလင်ခြင်းအထွဋ်ဖြစ်သောသင်သည်၊
13 ဧဒင်ခေါ်၊ ဘုရားသခင့်ဥယျာဉ်တော်၌ရှိနေရာ၊ သင့်ကိုဖန်ဆင်းထားသောနေ့ရက်တွင်၊ ပြင်ဆင်တော်မူနှင့်သည့်အလျောက်၊ ကျောက်အိမ်၊ ကျောက်အိုးဖြစ်သော ရွှေထည်၌စီသော၊ ပတ္တမြား၊ ဥဿဖယား၊ ကြောင်၊ မျက်ရွဲ၊ မဟူရာ၊ နဂါးသွဲ့၊ ကျောက်ပြာ၊ ဆီး၊ မြ၊ ကျောက်မျက်အမျိုးမျိုးနှင့် ဆင်ယင်လျက်၊
14 ဖြန့်မိုးကွယ်ကာသောခေရုဗအဖြစ်၊ ငါထားခဲ့သည့်အတိုင်း၊ ငါဘုရား၏သန့်ရှင်းရာတောင်တော်ပေါ်တွင်၊ တောက်ထိန်သော ကျောက်မျက်များအလယ်တွင်သွားလာလေ့ရှိဖူး၏။
15 အိုကွယ်ကာသော ခေရုဗ၊ ဖန်ဆင်းထားသောနေ့ရက်ကစ၍၊ သင်၌ဒုစရိုက်မှုကိုမတွေ့မချင်း၊
16 သင့်အလေ့အလာစုံလင်သော်လည်း၊ ဖောက်ကားရေးများပြားသည့်အတွက်၊ အဓမ္မမှုနှင့်ပြည့်၍ပြစ်မှားသောကြောင့်၊ တောက်ထိန်သောကျောက်မျက်ရှိရာ၊ ငါဘုရား၏ တောင်တော်မှ၊ သင့်ကိုငါရှုတ်ချဖျက်ဆီးလေပြီ။
17 သင်သည် တင့်တယ်ခြင်းကြောင့်စိတ်နေမြင့်၍၊ ထွန်းကားခြင်းကြောင့်၊ ပညာယွင်းသည့်အတွက်မြေပေါ်တွင်ငါလှဲချလျက်၊ ဘုရင်မင်းတို့ရှေ့ရှုမြင်ရန်ထားခဲ့ပြီ။
18 မတရားသောဖောက်ကားရေး၌၊ ဒုစရိုက်များပြား၍ သန့်ရှင်းရာဌာနများကိုသင်ရှုတ်ချပြီးဖြစ်သောကြောင့်၊ ငါသည်၊ သင့်အားကျွမ်းလောင်သောမီးကို၊ သင့်အတွင်းမှ ထွက်စေသဖြင့်၊ ရှုမြင်သူအပေါင်းတို့ရှေ့ မြေပေါ်တွင်၊ ပြာပုံဖြစ်စေပြီ။
19 သင့်ကိုသိဖူးသော လူမျိုးတို့သည် အံ့အားသင့်လျက်၊ ထိတ်လန့်ဖွယ်ဖြစ်သောသင်ကား၊ ရှိရတော့မည်မဟုတ်ဟူ၍တည်း။
20 တစ်ဖန်၊ ငါသို့ရောက်လာသော ထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊
21 အချင်းလူ့သား၊ ဇိဒုန်မြို့သို့မျက်နှာမူလျက်၊ အရှင်ထာဝရဘုရားက၊ အိုဇိဒုန်မြို့၊
22 သင့်တစ်ဘက်နေသောငါသည်၊ သင့်အလယ်တွင် ဘုန်းတော်ထင်ရှားစေ၍စီရင်ဒဏ်ခတ်သဖြင့်၊ သီးသန့်ရာရောက်သည့်ကာလ၊ ထာဝရဘုရားငါဖြစ်သည်ကိုသိရကြလတ္တံ့။
23 ငါသည် မြို့တွင်းသို့ကပ်ရောဂါဘေးကိုလည်းေကာင်း၊ လမ်းများပေါ်သို့သွေးသွန်းဘေးကိုလည်းေကာင်း၊ သင့်စေမည့်အလျောက်၊ အဘက်ဘက်က ဓားဘေးဖြင့်လုပ်ကြံခံရသူတို့ ကျဆုံး သောအခါ၊ ထာဝရဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့။
24 ထိုသို့ဣသရေလအမျိုးသားတို့အား၊ မုန်းထားသောပတ်ဝန်းကျင်ရှိလူမျိုးတို့အနက်၊ နာကျင်စွာစူးသောဆူးငြောင့်သဖွယ်၊ နောက်မရှိရသောကြောင့်၊ အရှင်ထာဝရ ဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့ဟု မိန့်တော်မူကြောင်း၊ ငါဟောပြောဆင့်ဆိုလော့။
25 ငါအရှင်ထာဝရဘုရားကလည်း၊ ငါသည် ကွဲလွင့်လျက်နေရာ လူအမျိုးမျိုးမှ၊ ဣသရေလအမျိုးသားတို့ကို စုသိမ်းသဖြင့်၊ လူမျိုးခြားတို့ရှေ့သီးသန့်ရာရောက်သည့်ကာလ၊ ငါ့ကျွန်ယာကုပ်အားသနားခဲ့သော ပြည်ရင်းတွင်၊ လုံခြုံစွာနေထိုင်ခွင့်ပေးမည့်အလျောက်၊
26 မုန်းထားသောပတ်ဝန်းကျင်ရှိလူအမျိုးမျိုးကိုစီရင်ဒဏ်ခတ်ပြီးလျှင်၊ အိမ်ဆောက်ခွင့်၊ ခြံလုပ်ခွင့်၊ လုံခြုံစွာနေထိုင်ခွင့်ရသောထိုသူတို့သည်၊ သူတို့ဘုရားသခင်ထာဝရ ဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့ဟု၊ မိန့်ဆိုသည်ဟူ၍တည်း။