27
1 တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊
2 အချင်းလူ့သား၊ တုရုမြို့နှင့်ဆိုင်ရာ ငိုချင်းကိုဖွဲ့ဆိုလျက်၊
3 မြောက်မြားသောကျွန်းအရောက်၊ လူအမျိုးမျိုးတို့ကုန်သွယ်ရာ သမုဒ္ဒရာဝင်ထွက်ဝဖြစ်သော အိုမြို့တော်၊ အရှင်ထာဝရဘုရားက အင်္ဂါမယွင်း၊ ငါအဆင်းလှသည်ဟု ထောင်လွှားသော အိုတုရုမြို့၊
4 သမုဒ္ဒရာအနှစ်သာရကိုပိုင်သော သင်၏အဆင်းလှခြင်းကို၊ ဗိသုကာတို့စုံလင်စေခဲ့ကြပြီ။
5 စေနိရတောင်ထွက် ထင်းရူးသားဖြင့်၊ တဂူများကိုခွေခြင်း၊ လေဗနုန်တောတန်းရှိ သစ်ကတိုးကိုယူ၍၊ ရွက်တိုင်လုပ်ခြင်း၊
6 ဗာရှန်ပြည်ထွက် ညန်သားဖြင့်တက်လုပ်ခြင်း၊ ကုပရုကျွန်းများထွက် ကျောက်ပန်းသား၌ဆင်စွယ်ခြယ်လယ်၍၊ ကုန်းပတ်ခင်းခြင်းများကိုပြုကြ၏။
7 အလံထူသောရွက်သည် အိဂျစ်ပြည်ထွက်ပန်းဆိုးသောပိတ်ချောထည်ဖြစ်လျက်၊ နံကာလည်း၊ ဧလိရှကျွန်းများထွက်အပြာထည်၊ အမောင်းထည်များတည်း။
8 အိုတုရုမြို့၊ ဇိဒုန်နှင့် အာဝဒ်မြို့သားတို့သည် တက်ခတ်သူ၊ သင့်ပညာရှိတို့သည် ပဲ့နင်းသူ၊
9 ဂေဗလလူကြီးနှင့် ပညာရှိတို့သည် ထေးဖာသူတို့တည်း။ သမုဒ္ဒရာရှိသမျှသင်္ဘောများသည်၊ သင်္ဘောသားတို့ပါ၊ ကုန်စည်ကူးသန်းဖောက်ကားလျက်၊
10 ပေရသိ၊ လုဒ၊ ဖုတလူမျိုးတို့သည်၊ သင့်ဗိုလ်ထုအလုံးအရင်းပါဝင်လျက်၊ ဒိုင်းလွှားနှင့် မောက်ရူများကို သင့်အတွင်းတွင် ခြယ်လယ်ဆွဲထားကြပြီ။
11 ဗိုလ်ထုအပါ အာဝဒ်မြို့သားတို့သည်၊ ပတ်လည်နံယပ်ပေါ်တွင်လည်းေကာင်း၊ ဂမ္မမြို့သားတို့သည် ရဲခိုများတွင်လည်းေကာင်း၊ နေလျက်၊ နံယပ်ပတ်လည်၌ ဒိုင်းလွှားများကိုဆွဲထားသဖြင့်၊ သင့်အဆင်းလှခြင်းကိုစုံလင်စေကြပြီ။
12 သင်၌ဥစ္စာဘဏ္ဍာအမျိုးမျိုးများပြားသည့်အတွက်၊ တာရှုမြို့သည်၊ ငွေ၊ သံ၊ ဘင်၊ ခဲကုန်များကိုထပ်လဲကုန်သွယ်သူဖြစ်၏။
13 ယာဝန်၊ တုဗလ၊ မေရှက်လူမျိုးတို့သည်၊ လူ၊ ကြေးအိုးကုန်များကိုထပ်လဲဖောက်ကားသူဖြစ်ကြ၏။
14 တောဂါမအမျိုးသားတို့သည်၊ စီးမြင်း၊ ရထားမြင်းနှင့် လားကုန်များကို ထပ်လဲကြ၏။
15 သင့်ဖောက်ကားသူဖြစ်သော ဒေဒန်နယ်သားတို့ပြင်၊ သမုဒ္ဒရာကမ်းခြေတစ်လှေျာက်သည်၊ ဆင်စွယ်၊ တယ်နှစ်ခွန်များကို၊ ဆက်သွင်းသော ကုန်သွယ်သူဖြစ်၏။
16 သင်၌လက်ဖြစ်များပြားသည့်အတွက်၊ ရှုရိပြည်သည်ဆီးကျောက်၊ အမောင်းထည်၊ ပန်းထိုးထည်၊ ပိတ်ချောထည်၊ သန္တာကျောက်နှင့်ပတ္တမြားကုန်များကိုထပ်လဲကုန်သွယ် သူဖြစ်၏။
17 ယုဒနှင့်ဣသရေလပြည်သည်၊ မင်နိတ်ဂျုံစပါး၊ စားနပ်ရိက္ခာ၊ ပျားရည်ဆီနှင့် လိမ်းဆေးကုန်များကိုထပ်လဲဖောက်ကားသူဖြစ်၏။
18 သင်၌လက်ဖြစ် ဥစ္စာဘဏ္ဍာအမျိုးမျိုးများပြားသည့်အတွက်၊ ဒမာသက်မြို့သည်၊ ဟေလဗုန်စပျစ်ရည်နှင့်ဇာခရသိုးမွေးများကို ကုန်သွယ်သူဖြစ်၏။
19 ဝေဒန်နှင့် ယာဝန်လူမျိုးတို့သည်၊ ဥဇာလမြို့ထွက်၊ သံ၊ ကရမက်နှင့် နံ့သာကုန်များကိုထပ်လဲရောင်းချကြ၏။
20 ဒေဒန်နယ်သည်၊ ကုန်းလွှမ်းထည်များကို ဖောက်ကားသူဖြစ်၏။
21 အာရပ်ပြည်နှင့် ကေဒါမင်းတို့သည်၊ သိုးသားငယ်၊ သိုးထီး၊ ဆိတ်ထီးများကိုရောင်းချလျက်၊ လက်အောက်ကုန်သွယ်သူများဖြစ်ကြ၏။
22 ရှေဘနှင့် ရာဂမဖောက်ကားသူတို့သည်၊ အသင်းအထုံအထူး၊ ကျောက်မျက်အမျိုးမျိုးနှင့်ရွှေကုန်ကိုထပ်လဲကုန်သွယ်သူများဖြစ်ကြ၏။
23-24 ခါရန်၊ ကန္နေ၊ ဧဒင်မြို့များနှင့် ရှေဘ၊ အာရှုရိ၊ ခိလ၊ မဒ်ဖောက်ကားသူတို့သည်၊ ဆန်းကြယ်စွာ ပန်းထိုးသောအပြာသည်၊ ရောင်စုံချယ်သော အထည်ထုပ်နှင့်၊ ခိုင်ခံ့စွာ ကျစ်သော ခါးစည်းကြိုးကုန်များကို၊ ရောင်းချ ကုန်သွယ်သူများဖြစ်ကြ၏။
25 တာရှုသင်္ဘောများသည်၊ သင့်ကုန်သင်္ဘောဖြစ်သဖြင့်၊ သင်သည် သမုဒ္ဒရာအနှစ်သာရ၌၊ စည်ပင်ထွန်းကားလျက်ရှိနေခဲ့သည်တကား၊
26 တက်ခတ်သူတို့ လှော်ခတ်သဖြင့်၊ သမုဒ္ဒရာဝဲသို့ရောက်သောသင်သည်၊ သမုဒ္ဒရာဗဟို၌ အရှေ့လေတိုက်၍ပျက်လေစွ။
27 သင့်အတွင်း ပါရှိသော ဥစ္စာ၊ ဘဏ္ဍာ၊ ကုန်စည်မှစ၍၊ သင်္ဘောသား၊ ပဲ့နင်းသူ၊ ထေးဖာသူ၊ ကုန်သွယ်သူ၊ ရဲမက်ဖြစ်သူနှင့် စီးနင်းသူ အပေါင်းတို့သည်၊ သင်မြုပ်သော နေ့ရက်၌၊ သမုဒ္ဒရာဗဟိုတွင်ပင်နစ်မွန်းကြသော်၊
28 ပဲ့နင်းတို့အော်ဟစ်သံကြောင့်၊
29 ကမ်းခြေရှိမြို့ရွာများ တုန်လှုပ်သည့်ပြင်၊ တက်ခတ်သူ သင်္ဘောသားနှင့် သမုဒ္ဒရာရေကြောင်းပြဟူသမျှတို့သည်၊ သင်္ဘောများမှဆင်း၍ ကုန်းပေါ်တွင် ရပ်နေကြစဉ်၊
30 သင့်အတွက် အော်၍ နစ်နာစွာ ဟစ်ခြင်း၊ ဦးခေါင်းထက်မြေမုန့်ကြဲခြင်း၊ ပြာလူးခြင်း၊
31 ဦးဆံပယ်ခြင်း၊ လျှော်တေဝတ်ခြင်းများကိုပြုလျက်၊ နစ်နာသောစိတ်နှင့်ပြင်းထန်စွာငိုကြွေးမြည်တမ်းကြလိမ့်မည်။
32 ထိုသို့မြည်တမ်းလျက်၊ သင့်ဆိုင်ရာ ငိုချင်းကိုဖွဲ့ဆိုကြမည်မှာ၊ သမုဒ္ဒရာအလယ်တွင် ဆိတ်ညံရာရောက်သောတုရုနှင့်၊ အဘယ်မြို့တူသနည်း။
33 သမုဒ္ဒရာဖြင့်ကုန်စည်များကို တင်ရောက်စေသောသင်သည်၊ လူမျိုးအမြောက်အမြားကိုစည်ကားစေလျက်၊ မြေပေါ်စံဘုရင်တို့ကိုလည်း၊ များပြားသောဥစ္စာဘဏ္ဍာကုန်စည်နှင့် ကြွယ်ဝစေပြီတကား။
34 ယခုပင်၊ သမုဒ္ဒရာနက်ရှိုင်းရာ၌၊ လှိုင်းတံပိုးဖြင့် ပျက်ရာတွင်၊ သင်နှင့်တကွ ကုန်စည်၊ စီးနင်းသူအပေါင်းတို့ပါ၊ နစ်မြုပ်ကြလေစွ။
35 သမုဒ္ဒရာကမ်းခြေသားအပေါင်းတို့သည် သင့်အတွက်အံ့အားသင့်လျက်၊ ဘုရင်မင်းတို့လည်း၊ ထိတ်လန့်ကြောက်ရွံ့၍ မျက်နှာပျက်လျက်၊
36 လူအမျိုးမျိုးရှိကုန်သွယ်သူတို့သည်၊ ပြက်ရယ်ပြုကြလိမ့်မည်။ ထိတ်လန့်ဖွယ်ဖြစ်သောသင်ကား၊ တည်ရှိရတော့မည်မဟုတ်ဟုဖွဲ့ဆိုကြလတ္တံ့ဟူသော ဗျာဒိတ်တော်ကို တုရုမြို့အားဆင့်ဆိုလော့ဟူ၍တည်း။