24
တစ်ဖန်တုံ၊ ကိုးနှစ်ဒသမလ၊ ဆယ်ရက်တွင်၊ ငါသို့ရောက်လာသော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ ယေရုရှလင်မြို့ကိုဗာဗုလုန်ဘုရင်စီးနင်းသော၊ ဤရက်စွဲနေ့အမည်ကိုရေးမှတ်လျက်၊ ပုန်ကန်လေ့ရှိသောအမျိုးသားတို့အား၊ ပုံဆောင်၍ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ အိုးတည်လျက်ရေထည့်ပြီးလျှင်၊ ေပါင်လက်မှစ၍ သားကောင်းဟူသမျှကိုခတ်ခြင်း၊ အရိုးမြတ်ကိုဖြည့်ခြင်း၊ သိုးဆိတ်အထူးကိုရွေးခြင်း၊ အရိုးများကိုအိုးအောက်ပုံဆိုက်ခြင်းများပြုလျက်၊ အိုးတွင်းရှိအရိုးများမြေ့အောင်ဆူပွက်စေလော့ဟု မိန့်တော်မူကြောင်း၊
သို့ဖြစ်၍၊ အရှင်ထာဝရဘုရားက၊ ချေးထူသောကြေးအိုး၊ သွေးသွန်းသောမြို့တော်သည်အမင်္ဂလာရှိ၏။ ချေးမတိုက်သောထိုအိုးထဲမှ၊ မဲမချဘဲတစ်ထစ်နောက်တစ်ထစ်ခပ်လော့။ သွန်းသောအသွေးကို၊ မြေမုန့်ဖြင့်လုံအောင် မြေပေါ်သို့မလောင်းဘဲ၊ ရှင်းလင်းသောကျောက်ပြားထက်၊ မြို့အတွင်းတွင် ထားလျက်ရှိသေး၏။ ငါလည်း၊ အမျက်တော်ထား၍ လက်စားချေရအံ့သောငှာ၊ ထိုအသွေးကို မလုံအောင်၊ ရှင်းလင်းသောကျောက်ပြားထက်ထားခဲ့လေပြီဟု မိန့်တော်မူကြောင်း၊
သို့ဖြစ်၍၊ အရှင်ထာဝရဘုရားက၊ သွေးသွန်းသောမြို့တော်သည် အမင်္ဂလာရှိ၏။ လောင်တိုက်ကြီးကိုငါတည်မည်။ 10 ထင်းပုံဆိုက်ခြင်း၊ မီးမွေးခြင်း၊ အသားမွခြင်း၊ အဆာခတ်ခြင်း၊ အရိုးနူးခြင်းများကိုပြုပြီးလျှင်၊ 11 ကြေးကျွမ်းလျက်၊ အညစ်ပျော်လျက်၊ အချေးကုန်အောင် ပူစေခြင်းငှာ၊ မီးကျီးပေါ်တွင် အိုးလွတ်ကိုတည်ဦးလော့။ 12 ပင်ပန်းစွာလုပ်ကိုင်သော်လည်း၊ ထူထပ်သောချေးမကျွတ်၊ မီးအားဖြင့်ကျွတ်လေစေ။ 13 သင့်ကာမဂုဏ်အညစ်အကြေးကို ငါချွတ်၍မရသည့်အတွက်၊ အမျက်တော်မပြေမချင်း၊ ထိုအညစ်အကြေးနှင့်ကင်းရှင်းတော့မည်မဟုတ်။ 14 ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်းစီရင်၍၊ ချုပ်တည်းခြင်း၊ ညှာတာခြင်း၊ စိတ်ပြောင်းခြင်းကင်းလျက် အတည်ပြုမည်။ သင့်အလေ့အလာအပြုအမူအလိုက် စီရင် ခံရလတ္တံ့ဟု မိန့်တော်မူကြောင်းများကို ဆင့်ဆိုလော့ဟူ၍တည်း။
15 တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 16 အချင်းလူ့သား၊ သင်နှစ်သက်ဖွယ်ကို ရှောင်တခင် ငါရုပ်သိမ်းသော်လည်း၊ မြည်တမ်းခြင်း၊ ငိုကြွေးခြင်း၊ မျက်ရည်ကျခြင်းကို သင်မပြုရ။ 17 ဆိတ်ဆိတ်သာညည်းညူလော့။ သေသူတို့အတွက်မြည်တမ်းခြင်း၊ နှုတ်ဖုံးထားခြင်း၊ အသုဘပွဲစားသောက်ခြင်းမပြုဘဲ၊ ဦးရစ်ဆင်လျက်ဖိနပ်စီးလော့ဟုမိန့်တော်မူ သည့်အတိုင်း၊ 18 နံနက်အချိန်၌ လူပရိတ်သတ်တို့အား ငါဆင့်ဆိုပြီးနောက်၊ ညဉ့်ဦးအချိန်တွင် ခင်ပွန်းသေရှာလေစွ၊ နောက်နံနက်၊ အမိန့်တော်အရ၊ ငါလိုက်နာသည်ကိုထောက်၍၊ 19 ကိုယ်တော်ပြုသောအချင်းအရာသည်၊ ကျွန်ုပ်တို့နှင့်မည်သို့ဆိုင်သည်ကို ဖော်ပြပါဟု၊ လူပရိသတ်မေးလျှောက်လျှင်၊ 20-21 ငါက၊ အရှင်ထာဝရဘုရားမိန့်တော်မူသည်မှာ၊ သင်တို့နှစ်သက်ဖွယ်ရာ၊ စိတ်ငဲ့ရာ၊ မောက်မာရာခံတပ်၊ သန့်ရှင်းသောငါ့ဌာနကိုငါရှုတ်ချလျက်၊ ကျန်ရစ်သောသင်တို့ သားသမီးများသည်၊ ဓားဖြင့်ကျဆုံးကြသဖြင့်၊ 22-23 သင်တို့သည် နှုတ်ဖုံးထားခြင်း၊ အသုဘပွဲစားသောက်ခြင်း၊ မြည်တမ်းငိုကြွေးခြင်းမပြုဘဲ၊ ခေါင်းပေါင်းဆင်လျက်၊ ဖိနပ်စီးလျက်၊ ပရောဖက် ပုံစံအတိုင်းလိုက်ကြစဉ်၊ ကိုယ့်ဒုစရိုက်ကြောင့်ပိန်ခြောက်၍၊ အချင်းချင်းရှေ့၊ ဖွဲ့ငိုရကြမည်။ 24 ယေဇကျေလသည်၊ သင်တို့ရှေ့သက်သေလက္ခဏာဖြစ်သည့်အလျောက်၊ ပြုသမျှကိုလိုက်ရမည်။ ထိုသို့ဖြစ်ပျက်သည့်ကာလ၊ အရှင်ထာဝရဘုရားငါဖြစ်သည်ကို သင်တို့သိရကြလတ္တံ့ဟုမိန့်တော်မူကြောင်း၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။ 25 အချင်းလူ့သား၊ ထိုသူတို့ရွှင်လန်းဝါကြွားရာ၊ နှစ်သက်ဖွယ်ခံတပ်နှင့်တကွ၊ စိတ်ငဲ့သော သားသမီးများကို ငါရုပ်သိမ်းသည့်ကာလ၊ 26 ဘေးလွတ်သူသည်၊ သင့်ထံရောက်လာလျက်၊ ထိုသတင်းကိုပြန်ကြားဖော်ပြမည်မဟုတ်လော။ 27 ထိုကာလ၌ပင်၊ သင်သည် ဆိတ်ဆိတ်မနေရဘဲ၊ ဘေးလွတ်သူ့အားနှုတ်မြွက်ပြောဆိုခွင့်ရလိမ့်မည်။ ထိုသူတို့ရှေ့၊ သင်သည် သက်သေလက္ခဏာဖြစ်သဖြင့်၊ ထာဝရ ဘုရားငါဖြစ်သည်ကို သိရကြလတ္တံ့ဟူသော ဗျာဒိတ်တော်သည်၊ ငါသို့ရောက်လာသတည်းဟုပြန်ဆို၏။