22
တစ်ဖန်၊ ငါသို့ရောက်လာသောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ အချင်းလူ့သား၊ သွေးသွန်းသောမြို့တော်ကိုစီရင်ဆုံးဖြတ်လော့။ ရွံရှာဖွယ်အမှုများကိုဖော်ပြလျက်၊ ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရားက၊ အချိန်ကာလရောက်စေခြင်းငှာ၊ အတွင်းတွင်သွေးသွန်းမှုပြုလျက်၊ မသန့်ရာရောက်စေခြင်းငှာ၊ ရုပ်တုများကိုထုလုပ်သောအိုမြို့တော်၊ 4-5 သင်သည် သွန်းခဲ့သောအသွေးကြောင့် ပြစ်ဒဏ်ခံထိုက်လျက်၊ ထုလုပ်သောရုပ်တုများကြောင့် မသန့်ရာရောက်လျက်၊ ရက်တာရောက်လုစေပြီ။ နှစ်တာကုန်ခန်း စေပြီတကား၊ သို့ဖြစ်၍၊ အသရေပျက်လျက်သောင်းကျန်းတတ်သောအိုမြို့တော်၊ ငါသည် လူအမျိုးမျိုးတွင်ကဲ့ရဲ့ရာ၊အပြည်ပြည်တွင်ပြောင်လှောင်ရာ၊သင့်ကိုဖြစ်စေသည့်အတိုင်း၊ နီးစပ်သူ၊ ဝေးကွာသူတို့သည် ပြောင်လှောင်ကြလတ္တံ့။ သင့်အတွင်းတွင် ဣသရေလမင်းတိုင်း၊ အနိုင့်အထက်သွေးသွန်းမှုပြုလျက်၊ မြို့သားတို့လည်း၊ မိဘတို့အားဆဲဆိုခြင်း၊ ဝင်နေသူတို့အားညှဉ်းပန်းခြင်း၊ ဖသက်ဆိုးနှင့်မုဆိုးမတို့အားနှိပ်စက်ခြင်းများကို ပြုကြလေစွ၊ သင်သည်၊ ငါသီးသန့်ရာများကို မထီလေးစားပြုလျက်၊ ဥပုသ်နေ့တော်ကိုလည်း ရှုတ်ချလေပြီ။ သင်သည် သွေးသွန်းလို၍ကုန်းချောသူ၊ တောင်များပေါ်တွင်စားသောက်သူ၊ ကာမဂုဏ်လိုက်စားသူ၊ 10 အဘကာမပိုင်ကိုဆက်ဆံသူ၊ ရာသီရောက်၍မသန့်သောမိန်းမကိုရှုတ်ချသူ၊ 11 သူ့မယားနှင့်ရွံရှာဖွယ်အမှုကိုပြုသူ၊ ခွေျးမကိုအဗြဟ္မပြုသူ၊ ဘစုံနှမကိုရှုတ်ချသူ၊ 12 အခယူ၍သွေးသွန်းမှုပြုသူများနှင့်ပြည့်၏။ သင်သည်၊ အတိုးအမြတ်စားလျက်၊ သူတစ်ပါးတို့ကိုနှိပ်စက်လုယက်လျက်၊ ငါ့ကိုသတိလစ်လျက်နေခဲ့လေစွဟု၊ ငါအရှင် ထာဝရဘုရားမိန့်ဆို၏။ 13 သို့ဖြစ်၍ငါသည်၊ သင်ပြုခဲ့သောလုယက်မှု၊ အတွင်းတွင်သွေးသွန်းမှုများကြောင့်၊ လက်ပမ်းပေါက်ခတ်လေပြီ။ 14 ငါစီရင်သည့်ကာလ၌၊ စိတ်တည်ကြည်လျက်၊ လက်အားကြီးလျက်၊ သင်နေနိုင်မည်လော၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါစီရင်လျက်၊ 15 လူအမျိုးမျိုးအပြည်ပြည်တွင်၊ အနှံ့အပြားကွဲလွင့်စေသဖြင့်၊ သင့်အညစ်အကြေးကိုကုန်ခန်းစေမည်။၊ 16 သင်သည်၊ လူမျိုးခြားတို့ရှေ့တွင် အရှုတ်အချခံ၍၊ ထာဝရဘုရားငါဖြစ်သည်ကို သိရလတ္တံ့ဟု မိန့်တော်မူကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။
17 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ ဗျာဒိတ်တော်ကား 18 အချင်းလူ့သား၊ ဣသရေလတစ်မျိုးလုံးသည်၊ ရှေ့တော်တွင်ချော်ဖြစ်လျက်၊ မိုက်လုံရှိကြေး၊ ဘင်၊ သံ၊ ခဲတည်းဟူသော ငွေချော်ဖြစ်သည်တကား၊ 19-20 သို့ဖြစ်၍ ငါအရှင်ထာဝရဘုရားက၊ တစ်မျိုးလုံးချော်ဖြစ်သဖြင့်၊ ဖိုထိုးလျက်အရည်ကြိုခြင်းငှာ၊ ငွေ၊ ကြေး၊ သံ၊ ခဲ၊ ဘင်များကို၊ မိုက်လုံထဲသို့ စုသွင်းတတ်သည့်နည်းတူ၊ ငါလည်း ဒေါသအမျက်တော်အားဖြင့်၊ သင်တို့ကို ယေရုရှလင်မြို့ထဲသို့စုသွင်းလှောင်ထားလျက် အရည်ကြိုမည်။ 21 ငါသည်ထိုသို့စုသွင်းလျက်၊ ဒေါသမီးဖြင့်ထိုး၍၊ သင်တို့အရည်ပျော်ကြလိမ့်မည်။ 22 မိုက်လုံတွင် ငွေအရည်ပျော်သည့်နည်းတူ၊ သင်တို့လည်းထိုမြို့တွင် အရည်ပျော်လျက်၊ အမျက်တော်ကိုငါထာဝရဘုရား သွန်းလောင်းခဲ့ကြောင်း၊ သိရကြလတ္တံ့ဟူ၍ တည်း။
23 ငါသို့ရောက်ပြန်သောထာဝရဘုရား၏ ဗျာဒိတ်တော်ကား၊ 24 အချင်းလူ့သား၊ ထိုပြည်အား ဆင့်ဆိုရမည်မှာ၊ သင်သည် အမျက်တော်နေ့ရက်၌၊ မိုးရွာခြင်း၊ စင်ကြယ်ခြင်း မခံရသောပြည်ဖြစ်၏။ 25 ပြည်ရှိပရောဖက်အသင်းအပင်းတို့သည်၊ အမဲလိုက်၍ ဟိန်းဟောက်သောခြင်္သေ့သဖွယ်၊ လူတို့ကိုကိုက်စားခြင်း၊ အဖိုးထိုက်သောဘဏ္ဍာများကိုလုယူခြင်း၊ မုဆိုးမ များပြားစေခြင်းကိုပြုကြလေစွ။ 26 ပရောဟိတ်တို့သည်၊ ငါ့ပညတ်တရားကို ရက်စက်စွာလွှဲလျက်၊ ငါ့သီးသန့်ရာများကိုမသန့်ရာရောက်စေလျက်၊ သန့်ရာမသန့်ရာကိုပိုင်းခြားခြင်း၊ ရှင်းရာမရှင်းရာကို သွန်သင်ခြင်းမပြုဘဲ၊ ဥပုသ်နေ့တော်ကိုမျက်နှာလွှဲလျက်၊ ငါ့ကိုရှုတ်ချကြ၏။ 27 မှူးမတ်တို့သည်၊ အမဲလိုက်သောဝံပုလွေများသဖွယ်၊ လုယက်ယူငင်ခွင့်ရစေခြင်းငှာ၊ သွေးသွန်းမှု၊ လူသတ်မှုကိုပြုတတ်ကြရာ၊ ပရောဖက်တို့သည်၊ 28 မုသာဗေဒင်ဟောခြင်း၊ အချည်းအနှီးမြော်မြင်ခြင်းပြု၍၊ ငါထာဝရဘုရားဗျာဒိတ်မပေးဘဲ၊ အရှင်ထာဝရဘုရားဗျာဒိတ်ပေးတော်မူသည်ဟုဆိုလျက်၊ သူတို့အဖို့ထုံးသုတ်မှုသာပြုတတ်ကြ၏။ 29 ပြည်သူပြည်သားတို့သည်၊ ညှဉ်းပန်းလုယက်လျက်၊ ဆင်းရဲနွမ်းပါးသူတို့အား နှိပ်စက်လျက်၊ ဝင်နေသူတို့အားအဓမ္မပြုကြသည်တကား။ 30 ပြည်တော်ကိုငါမဖျက်ဆီးရအံ့သောငှာ၊ ရှေ့တော်တွင် အပေါက်၌ရပ်တန့်၍ မြို့ရိုးပြုပြင်ဝံ့သူ့ကို၊ ငါရှာသော်လည်း၊ တစ်ဦးတစ်ယောက်မျှမတွေ့ချေ။ 31 သို့ဖြစ်၍၊ ငါသည်၊ အမျက်တော်ကိုသွန်းလောင်းလျက်၊ ဒေါသမီးဖြင့် ကုန်ခန်းစေ၍၊ အလေ့အလာအတိုင်း ဆပ်ပေးခဲ့ပြီဟု၊ ငါအရှင်ထာဝရဘုရားမိန့်ဆိုကြောင်း၊ ဆင့်ဆိုလော့ဟူ၍တည်း။