11
ထို့နောက် ဝိညာဉ်တော်သည် ငါ့ကိုချီဆောင်လျက်၊ ဗိမာန်တော်အရှေ့မျက်နှာတံခါးအနီးသို့ယူသွားတော်မူသော်၊ ထိုတံခါးဝ၌ လူမျိုးတော်တွင် မှူးမတ်ဖြစ်သူအဇုရ သားယာဇညာ၊ ဗေနာယသားပေလတိတို့ပါ၊ လူပေါင်းနှစ်ဆယ့်ငါးယောက်ကိုငါမြင်ရလျှင်၊ အချင်းလူ့သား၊ ဤသူတို့ကား၊ ဒုစရိုက်ကိုကြံစည်သူ၊ အဆိုးအသွမ်းတိုင်ပင်သူ၊ တည်ဆောက်သောအချိန်မရောက်သေး၊ မြို့တော်သည် အိုး၊ ငါတို့လည်း ဟင်းလျာဖြစ်သည်ဟု ဆိုသူများတည်း။ သို့ဖြစ်၍အချင်းလူ့သား၊ ထိုသူတို့ကိုရည်လျက် ဟောပြောလော့။ ဟောပြောလော့ဟု၊ တိုက်တွန်းတော်မူသည့်အတိုင်း၊ ငါ့အပေါ်သို့သက်ရောက်သောထာဝရဘုရား၏ဝိညာဉ်တော်က၊ အိုဣသရေလအမျိုးသားတို့၊ သင်တို့ကြံစည်သောအချက်များကိုငါသိမြင်၍၊ ထိုသို့အတိုင်းပင်သင်တို့ ဆိုရိုးရှိကြ၏။ ဤမြို့တွင်သင်တို့သည်၊ လူအမြောက်အမြားကို လုပ်ကြံလျက်၊ လမ်းများကို အသေကောင်တို့နှင့်ပြည့်စေကြပြီ ဖြစ်သောကြောင့်၊ ဤမြို့တော်သည် အိုးမှန်သော်လည်း၊ ဟင်းလျာမှာမူ၊ မြို့အတွင်းတွင် သင်တို့စုထားသောအသေကောင်များတည်း။ သင်တို့ကား၊ မြို့ထဲမှထုတ်ပစ်ခြင်းခံရကြလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ဓားဘေးကိုကြောက်ရွံ့သော သင်တို့အပေါ်သို့၊ ဓားဘေးကို ငါသင့်စေမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ ငါသည် သင်တို့ကို၊ ထိုမြို့ထဲမှထုတ်ပစ်ခြင်း၊ သူစိမ်းတို့လက်တွင်းသို့အပ်နှင်းခြင်း၊ စီရင်ဒဏ်ခတ်ခြင်းများကိုပြုသဖြင့်၊ 10 ဓားဘေးကြောင့် သင်တို့ကျဆုံးကြလိမ့်မည်။ ဣသရေလပြည်စွန်တွင်ပင် ငါဆုံးဖြတ်သည့်အလျောက်၊ ငါသည် ထာဝရဘုရားဖြစ်သည်ကို၊ သင်တို့သိရကြလတ္တံ့။ 11-12 ဤမြို့သည် သင်တို့အိုး၊ သင်တို့လည်းအိုးရှိဟင်းလျာမဖြစ်၊ ငါ၏ထုံးဖွဲ့ချက်များအတိုင်း မေလျှာက်မလိုက်၊ ဆုံးဖြတ်ချက်များကို မပြုမကျင့်ဘဲ၊ ပတ်ဝန်းကျင်ရှိလူမျိုးခြား တို့ ဓလေ့အတိုင်းလိုက်နာသော သင်တို့ကို၊ ဣသရေလပြည်စွန်တွင်ပင် ငါဆုံးဖြတ်သဖြင့်၊ ငါသည် ထာဝရဘုရားဖြစ်သည်ကို၊ သင်တို့သိရကြလတ္တံ့ဟုထာဝရဘုရားမိန့်တော် မူကြောင်းများကိုဆင့်ဆိုလော့ဟူ၍တည်း။
13 ငါဟောပြောလျက်ရှိစဉ်၊ ဗေနာယသား ပေလတိကွယ်လွန်သည်ဖြစ်၍၊ ငါပျပ်ဝပ်လျက်၊ အိုအရှင်ထာဝရဘုရား၊ ဣသရေလလူမျိုးအကြွင်းအကျန်ကိုပင်၊ ကုန်ဆုံးစေ တော်မူမည်လောဟု၊ သံကုန်အော်ဟစ်တောင်းလျှောက်လျှင်၊ 14 ငါသို့ရောက်ပြန်သော ထာဝရဘုရား၏ဗျာဒိတ်တော်ကား၊ 15 အချင်းလူ့သား၊ သင့်ဆွေမျိုးသားချင်း၊ သင့်ညာတကာမှစ၍ ဣသရေလတစ်မျိုးလုံးအား၊ယေရုရှလင်မြို့သားတို့က၊ ထာဝရဘုရားထံတော်မှခွာသွားကြလော့။ ပြည်တော် ကား၊ ငါတို့ပိုင်ဖြစ်ပြီဟု ဆိုလေ့ရှိ၏။ 16 သို့ဖြစ်၍၊ ငါသည် သိမ်းသွားခံရသူတို့ကို၊ လူမျိုးခြားတို့တွင် ဝေးကွာစေလျက်၊ အပြည်ပြည်သို့ကွဲလွင့်စေသော်လည်း၊ ဝင်ရောက်ခဲ့ရာ ထိုပြည်များတွင် ရှိနေခိုက်၊ ခိုလှုံရာဇင်္ဂမဖြစ်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ 17 ငါသည် ကွဲလွင့်လျက်နေရာအပြည်ပြည်အမြို့မြို့မှ၊ သင်တို့ကိုစုရုံးသိမ်းယူပြီးလျှင်၊ ဣသရေလပြည်ကို အပိုင်ပေးဦးမည့်အလျောက်၊ ဝင်ရောက်သူတို့သည်၊ 18 စက်ဆုပ်ရွံရှာဖွယ် ရုပ်ပွားဆင်းတုများကိုပယ်ကြလိမ့်မည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်း၊ 19-20 ငါ့ထုံးဖွဲ့ချက်များအတိုင်းလျှောက်လိုက်ခြင်း၊ ဆုံးဖြတ်ချက်များကို စောင့်ထိန်းလိုက်နာခြင်းပြုကြရအံ့သောငှာ၊ ငါလည်းစိတ်သဘောတစ်မျိုးကိုပေးလျက်၊ စိတ်ဝိညာဉ်သစ် ကိုသွင်းလျက်၊ ကျောက်ခဲနှလုံးကိုနုတ်ယူ၍၊ အသားနှလုံးပေးသနားသဖြင့်၊ သူတို့သည် ငါ့လူမျိုး၊ ငါလည်းသူတို့ဘုရားသခင်ဖြစ်မည်။ 21 စက်ဆုပ်ရွံရှာဖွယ်ရုပ်ပွားဆင်းတုများအား၊ စိတ်စွဲလမ်းသူတို့မှာမူ၊ ချင်းတို့အလေ့အလာများကို ငါဆပ်ပေးမည်ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူကြောင်းများကို၊ ဆင့်ဆိုလော့ဟူ၍တည်း။
22 ထို့နောက်၊ အနီး၌ စက်များရှိသောခေရုဗတို့သည်၊ ဣသရေလလူမျိုး၏ ဘုရားသခင့်ဘုန်းတော်လွှမ်းမိုးလျက်ရှိနေစဉ်၊ အတောင်ဖြန့်၍၊ 23 ထာဝရဘုရား၏ဘုန်းတော်လည်း၊ မြို့တော်တွင်းမှ တက်ပြီးလျှင်၊ အရှေ့ဘက်တောင်ပေါ်မှာရပ်ဆိုင်းလေ၏။ 24 ဝိညာဉ်တော်သည် ငါ့ကိုချီဆောင်လျက်၊ ခါလဒဲပြည်ရှိသိမ်းသွားခံရသူတို့နေရာသို့ထာဝရဘုရား၏ဝိညာဉ်တော်မှခံရသော ရူပါရုံ၌ ယူသွားတော်မူပြီးလျှင်၊ ငါမြော်မြင် ရာ ရူပါရုံခွာတက်လေ၏။ 25 ငါလည်းသိမ်းသွားခံရသူတို့အား၊ ထာဝရဘုရားဖော်ပြတော်မူသမျှသောအခြင်းအရာကို ပြန်ကြားလေ၏။