ယေဇကျေလကျမ်း
1
သုံးဆယ်နှစ်၊ စတုတ္ထလ၊ ငါးရက်၌၊ သိမ်းသွားခံရသူတို့နှင့်အတူ၊ ခေဗာမြစ်အနီး ငါရှိစဉ်အခါ၊ မိုးကောင်းကင်ပွင့်သဖြင့်၊ ဘုရားသခင်ဆိုင်ရာရူပါရုံများကိုထင်မြင် ရသည့်အတိုင်း၊ ယေခေါနိမင်းသိမ်းသွားခံရသော ငါးနှစ်၊ ထိုစတုတ္ထလငါးရက်၌ပင်၊ ခါလဒဲပြည်ခေဗာမြစ်အနီး၊ ဗုဇိသားပရောဖက်ဖြစ်သူ ငါယေဇကျေလသို့၊ ထာဝရဘုရား၏ ဗျာဒိတ်တော်ကျရောက်လျက်၊ လက်တော်တည်လျက်ရှိ၏။ ငါရှုမြင်ရာ၊ မြောက်မျက်နှာမှကျသော မိုးသက်မုန်တိုင်းနှင့်တကွ၊ လောင်မီးပြက်လျက်၊ ပတ်ဝန်းကျင်တောက်ပလျက်၊ မီးထဲမှ ပယင်းရောင်ထွန်းလျက်ရှိသော မိုးသားကြီးကို လည်းကောင်း၊ အတွင်းမှပေါ်လာသောသတ္တဝါလေးပါးအသွင်ကိုလည်းကောင်း၊ မြင်ရ၏။ သဏ္ဌာန်ကား၊ လူ့အသွင်ရှိ၏။ တစ်ပါးလျှင်မျက်နှာလေးခု၊ အတောင်လေးဘက်၊ တိုက်ပွတ်ပြီးကြေးရောင်ကဲ့သို့ပြောင်လက်လျက်၊ နွားခွာသဖွယ်ဖဝါးပါသောခြေဖြောင့်၊ လေးဘက်၌အတောင်များအောက်၊ လူ့လက်များနှင့်ပြည့်စုံ၏။ ထိုလေးပါးတို့မျက်နှာနှင့်အတောင်များကား၊ သွားလာရာ၌မလှည့်ဘဲ၊ မျက်နှာမူရာသို့တောင်စုံရှက်လျက်သွားကြ၏။ 10 မျက်နှာအသွင်မှာ၊ လူ့မျက်နှာရှိသောထိုလေးပါးတို့သည်၊ ယာဘက်၌ ခြင်္သေ့မျက်နှာ၊ ဝဲဘက်၌ နွားမျက်နှာရှိသည့်ပြင်၊ ရွှေလင်းတမျက်နှာလည်းရှိကြသတည်း။ 11 အထက်၌ အသီးအခြားအတောင်နှင့်မျက်နှာများရှိသော၊ တစ်ပါးတစ်ပါးသည်၊ အတောင်တစ်စုံရှက်၊ တစ်စုံဖြင့်ကိုယ်ကိုကွယ်ကာလျက်နေ၍၊ 12 သွားလာရာ၌ မလှည့်ဘဲ မျက်နှာမူရာသို့ဝိညာဉ်သွားလိုသည့်အတိုင်းသွားကြ၏။ 13 တောက်လောင်သောမီးကျီး၊ မီးရှူးသဖွယ်၊ ထိုသတ္တဝါတို့အလယ်တွင်၊ အဆင်းသဏ္ဌာန်လူးလာလျက်တောက်ထိန်သောမီးထဲမှ လျှပ်စစ်ပြက်လေ၏။ 14 ထိုသတ္တဝါတို့လည်း၊ လျှပ်စစ်သဏ္ဌာန်ခေါက်ပြန်သွားလာကြ၏။ 15 ထိုသတ္တဝါတို့ကိုငါရှုမြင်ရာ၊ တစ်ပါးတစ်ပါးအနီး၊ မျက်နှာလေးခုအဖို့၊ စက်တစ်ခုစီရှိသည်ကိုမြင်ရ၏။ 16 ၎င်းစက်များ၏ အဆင်းနှင့်ပုံသဏ္ဌာန်ကား၊ ဥဿဖယားအရောင်နှင့်တူလျက်၊ တစ်သဏ္ဌာန်တည်းရှိလျက်၊ တစ်စက်အတွင်းတွင်တစ်စက်ပါသောအသွင်နှင့်ပုံရှိ၏။ 17 သွားလာရာမလှည့်ဘဲ၊ လေးမျက်နှာသို့သွား၏။ 18 ပတ်ဝန်းကျင်တွင်မျက်စိနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ဖွယ်ခွေအမြင့်ရှိသည့်အတိုင်း၊ 19 သတ္တဝါတို့ သွားကြသော်၊ စက်များလည်းအနီး၌သွားရ၏။ သတ္တဝါတို့သည် မြေပေါ်မှတက်ကြသော်၊ စက်များလည်း တက်ရ၏။ 20 ဝိညာဉ်သွားလိုသည့်အတိုင်း၊ စက်များသွားရ၏။ သတ္တဝါတို့၏ဝိညာဉ်သည်စက်များ၌ပါရှိသောကြောင့်၊ ဝိညာဉ်သွားလိုသည့်အတိုင်း၊ စက်များလည်းအနီး၌တက်ရ၏။ 21 သတ္တဝါတို့၏ဝိညာဉ်သည်၊ စက်များ၌ပါရှိသောကြောင့်၊ သတ္တဝါတို့သွားကြသော် စက်များလည်းသွားခြင်း၊ ရပ်ကြသော် ရပ်ခြင်း၊ မြေပေါ်မှတက်ကြသော် တက်ခြင်း ပြုရ၏။ 22 သတ္တဝါတို့ဦးခေါင်းများအထက်၊ ကြက်ပြီးသောကြောက်ရွံ့ဖွယ်ရေခဲရောင်ပိတာန်အသွင်သည် ဦးခေါင်းများကိုမိုးလျက်ရှိ၏။ 23 ပိတာန့်အောက်ဖြန့်ယှက်သောအတောင်စုံပြင်၊ တစ်ပါးတစ်ပါး၌ကိုယ်ကိုကွယ်ကာသောအတောင်နှစ်စုံရှိ၏။ 24 ပျံကြသည့်ကာလ၊ သမုဒ္ဒရာဟုန်းသံ၊ အနန္တတန်ခိုးရှင်၏လွှင့်သံ၊ လေမုန်တိုင်းသဖွယ်တပ်ချီသံနှင့်တူသော၊ အတောင်ခတ်သံကိုငါကြား၏။ ရပ်သော်၊ အတောင်ချ ကြ၏။ 25 ဦးခေါင်းများအထက်ရှိ ပိတာန့်အပေါ်မှလွှင့်သံထွက်၏။ ရပ်သော်၊ အတောင်ချကြ၏။ 26 ဦးခေါင်းများအထက် ပိတာန့်အပေါ်၌၊ ကျောက်ပြာအဆင်းရှိသော ရာဇပလ္လင်အသွင်၊ ထိုပလ္လင်အသွင်ထက်၊ လူ့သဏ္ဌာန်နှင့်တူသောအသွင်တစ်ပါးရှိ၏။ 27 ထိုအသွင်၏ ခါးသဏ္ဌာန်အထက်၊ အတွင်းအပြင်၌ ပယင်းရောင်မီးသဏ္ဌာန်ကိုလည်းေကာင်း၊ ခါးသဏ္ဌာန်ေအာက်မီးသဏ္ဌာန်ကိုလည်းေကာင်း ငါမြင်ရ၍၊ ပတ်လည်၌လည်း ရောင်ခြည်လွှတ်တော်မူ၏။ 28 ပတ်လည်ရှိရောင်ခြည်သဏ္ဌာန်သည်၊ မိုးရွာသည့်နေ့၌မိုးတိမ်ပါသောသက်တံ့နှင့်တူ၏။ ထာဝရဘုရား၏ဘုန်းတော့်အသွင်သဏ္ဌာန်ကားထိုသို့တည်း။