7
ဂုဏ်အသရေသည်၊ နံ့သာဆီထက်ကောင်း၏။ သေနေ့လည်း မွေးနေ့ထက်ကောင်း၏။ လူရှိသမျှတို့အဆုံးကား၊ သေခြင်းဖြစ်ကြောင်းကို၊ အသက်ရှင်သူတို့သည် နှလုံးပိုက်ကြမည်ဖြစ်၍၊ အသုဘအိမ်သို့သွားခြင်းသည်၊ စားသောက်ပွဲသို့ သွားခြင်းထက် သာ၍ကောင်း၏။ မျက်နှာ ညှိုးနွမ်းခြင်းဖြင့်၊ စိတ်နှလုံးကောင်းတတ်သည်ဖြစ်၍၊ ပူဆွေးခြင်းသည်၊ ရယ်မောခြင်းထက် သာ၍ကောင်း၏။ ပညာရှိတို့၏စိတ်နှလုံးသည်၊ အသုဘအိမ်၌တည်လျက်၊ လူမိုက်တို့၏စိတ်နှလုံးကား၊ ပျော်ပါးရာအိမ်၌ တည်လျက်ရှိ၏။ ပညာရှိတို့အဆုံးအမကို နာခံရခြင်းသည်၊ လူမိုက်တို့ သီဆိုသံကို ကြားရသည်ထက် သာ၍ကောင်း၏။ လူမိုက်တို့၏ ရယ်မောသံသည်၊ အိုးအောက်တွင် ဆူးထင်းမီးဖျပ်သံနှင့်တူ၏။ ဤအခြင်းအရာလည်း အနတ္တဖြစ်၏။ ညှဉ်းပန်းခြင်းအားဖြင့်၊ ပညာရှိတို့ ရူးသွပ်ရာ​ရောက်သည့်နည်းတူ၊ လက်ဆောင်ပဏ္ဏာဖြင့်လည်း၊ ဉာဏ်ပညာပျက်ယွင်းစေတတ်၏။ အမှုအရာ၏အဆုံးသည်၊ အစထက်ကောင်း၏။ စိတ်ရှည်တတ်သူသည်၊ စိတ်နေမြင့်သူထက်သာ၍ကောင်း၏။ ဒေါသအမျက်သည်၊ လူမိုက်တို့၏ ရင်ခွင်၌သာတည်သည်ဖြစ်၍၊ ဒေါသထွက်ရန်လျှင်မြန်သောစိတ်မရှိနှင့်။ 10 ရှေးကာလနေ့ရက်သည်၊ ယခုကာလထက်၊ မည်သည့်အကြောင်းကြောင့်ကောင်းသနည်းဟုမမေးနှင့်။ ထိုသို့မေးလျှင်ပညာမဲ့ဖြစ်၏။ 11 ဉာဏ်ပညာသည် အမွေဥစ္စာနှင့်အမျှကောင်းမြတ်၍၊ နေမင်းကိုမြင်ရသူတို့၌အကျိုးထူး၏။ 12 အဘယ့်ကြောင့်ဆိုသော်၊ ငွေရတနာသည် အရိပ်အကာသဖွယ်ဖြစ်သည့်နည်းတူ၊ ပညာလည်းအရိပ်အကာသဖွယ်ဖြစ်၏။ အသိပညာအကျိုးဟူမူကား၊ ပညာရှင့် အသက်ကို ရှည်စေတတ်သတည်း။ 13 ဘုရားသခင့်အမှုအရာတော်ကို ဆင်ခြင်လော့။ ကောက်စေတော်မူရာကို၊ မည်သူဖြောင့်စေနိုင်သနည်း။ 14 ကောင်းစားသော နေ့ရက်၌ရွှင်လန်းလျက် မကောင်းစားသောနေ့ရက်၌လည်း ဆင်ခြင်လျက်နေလော့။ အနာဂတ်အဖြစ်အပျက်ကို၊ လူရှာ၍မတွေ့နိုင်စေရန်၊ ၎င်းနှစ် မျိုးကို ဘုရားသခင်တွဲယှဉ်စီမံတော်မူပြီ။
15 အနတ္တနေ့ရက်အတွင်း ငါမြင်သော အချက်အချာမှာ၊ ဖြောင့်မတ်သူသည်၊ ဖြောင့်မတ်လျက် ပျက်စီးရသည်ကိုလည်း‌ေကာင်း၊ ဆိုးသွမ်းသူလည်း၊ ဆိုးသွမ်းလျက် အသက်ရှည်သည်ကိုလည်း‌ေကာင်း၊ ငါမြင်ရလေပြီ။ 16 ဖြောင့်မတ်မှုကိုလည်း‌ေကာင်း၊ ပညာရှိမှုကိုလည်း‌ေကာင်း၊ မလွန်စေနှင့်။ ကိုယ်ကိုအဘယ့်ကြောင့် ဆုတ်ယုတ်စေမည်နည်း။ 17 ဆိုးသွမ်းမှုကို လွန်၍မမိုက်နှင့်။ အချိန်မစေ့မီ၊ အဘယ့်ကြောင့်သေမည်နည်း။ 18 ဤအမှုကို လက်မလွှတ်ဘဲ၊ ထိုအမှုကို စွဲကိုင်ရာ၏။ ဘုရားသခင်ကို ခန့်ညားသူသည်၊ နှစ်မျိုးအတွင်းမှ လွတ်မြောက်လိမ့်မည်။
19 မြို့ကို အုပ်စိုးသောမင်းဆယ်ပါးတို့၏ တန်ခိုးထက်၊ ပညာရှိသည်၊ ဉာဏ်ပညာအားဖြင့်သာ၍တန်ခိုးရှိ၏။ 20 အကယ်စင်စစ်အပြစ်ကင်း၍၊ ကောင်းမှုကို ပြုတတ်သောဖြောင့်မတ်သူတစ်ဦးတစ်ယောက်မျှ၊ မြေပေါ်တွင် မရှိချေ။ 21-22 သူတစ်ပါးတို့အား ကြိမ်ဖန်များစွာ ဆဲရေးသည်ကို၊ သင့်ကိုယ်တိုင် သိသည့်အလျောက်၊ စကားတိုင်းဂရုမစိုက်နှင့်။ စိုက်လျှင်၊ သင့်ကျွန်ပင် သင့်ကိုဆဲရေးသံကြားရ လိမ့်မည်။
23 ထိုအခြင်းအရာခပ်သိမ်းကို ပညာဖြင့် စစ်ဆေးပြီးလျှင်၊ ငါက၊ ပညာရလိမ့်မည်ဟု အောက်မေ့သော်လည်း၊ ဝေးကွာလျက်ရှိသေး၏။ 24 ဟုတ်မှန်ရာသည်၊ ဝေးကွာလျက်၊ နက်ရှိုင်းလျက် ရှိသောကြောင့်၊ မည်သူရှာ၍ တွေ့မည်နည်း။ 25 တစ်ဖန်၊ ဉာဏ်ပညာနှင့်အကြောင်းအကျိုးများကို စီစစ်ရှာဖွေ၍ သိရန်လည်း‌ေကာင်း၊ ဆိုးသွမ်းခြင်းသည် မိုက်မဲခြင်း၊ မိုက်မဲခြင်းလည်း ရူးသွပ်ခြင်း ဖြစ်သည်ကို သိရန်လည်း‌ေကာင်း၊ ငါနှလုံးသွင်းရာ၊ 26 ညွှတ်ကွင်းနှင့် ပိုက်ကွန်သဖွယ်နှလုံး၊ နှောင်ကြိုးသဖွယ်လက်ရှိသောမိန်းမသည်၊ သေခြင်းထက်နစ်နာရန် အကြောင်းဖြစ်သည်ကို​ငါတွေ့၏။ဘုရားသခင်စိတ်တော် နှင့် တွေ့သောသူသည်၊ လွတ်မြောက်ခွင့်ရသော်လည်း၊ အပြစ်သားဖမ်းချုပ်ခံရသတည်း။ 27-28 အာစရိယကလည်း၊ အကြောင်းအကျိုးရှာတွေ့ရန်၊ အချင်းချင်းနှိုင်းယှဉ်လျက်၊ စိတ်ဖြင့်ရှာ၍မတွေ့သော အရာမှာ၊ တစ်ထောင်တွင် ယောက်ျားတစ်ဦးကို တွေ့သော်လည်း၊ မိန်းမတစ်ဦးကိုမျှမတွေ့ဟုဆို၏။ 29 ဘုရားသခင်သည်၊ လူကိုဖြောင့်မတ်စွာဖန်ဆင်းတော်မူပါလျက်၊ လူသည်၊ ရှာရှာဖွေဖွေကြံစည်သည့်အကြောင်းကိုသာ၊ ငါတွေ့သည်ဟု ဆို၏။