6
နေအောက်တွင် လူတို့ကြုံကြိုက်၍၊ ငါမြင်ရသောဆိုးယုတ်မှုဟူမူကား၊ စိတ်တပ်မက်သမျှသော အရာကို ချင်ရဲပြေအောင်၊ ဘုရားသခင့်ထံမှစည်းစိမ်ချမ်းသာဂုဏ်အသရေရသောလူသည်၊ ကိုယ်တိုင်ခံစားခွင့်မရဘဲ၊ သူစိမ်းတစ်ယောက် ခံစားရခြင်းများမှာ၊ အနတ္တအမှု၊ ဘေးဆိုးသဖွယ်ဖြစ်၏။ သားသမီးတစ်ရာရသည့်အပြင်၊ အသက်တာရှည်၍ နှစ်ပေါင်းများစွာနေသော်လည်း၊ ကောင်းစားခြင်းနှင့် မရောင့်ရဲဘဲ၊ သင်္ဂြိုဟ်ခြင်းမဲ့သေရသောလူသည်၊ လျှောမွေး ထက်ယုတ်သည်ဟု ငါဆို၏။ 4-5 ထိုအရာသည်၊ အချည်းအနှီးဖြစ်လာသည့်အတိုင်း၊ အမိုက်မှောင်ဖုံးလွှမ်းလျက်၊ နေကိုမသိမမြင်ရဘဲ၊ မှောင်ထဲသို့ ဝင်သွားရသောကြောင့်၊ ဆိုခဲ့သောလူထက် ချမ်းသာ၏။ ထိုသူသည် အကောင်းကိုမစားရဘဲ၊ အနှစ်တစ်ထောင်ထက်တိုး၍၊ ထမ်းပိုးနေရသော်လည်း၊ နှစ်ဦးလုံးပင် တစ်နေရာတည်းသို့သွားကြရသည်မဟုတ်လော။ လူလုပ်ကိုင်သမျှသည်၊ ခံတွင်းအဖို့ဖြစ်သော်လည်း၊ ချင်ရဲမပြေ။ ပညာရှိသည်၊ လူမိုက်ထက် မည်သည့်အကျိုးထူးသနည်း။ သူဆင်းရဲလည်း၊ အသက်ရှင်သူတို့ရှေ့တွင် ကျင့်ကြံပြုမူတတ်သော်လည်း၊ မည်သည့်အကျိုးရှိသနည်း။ စက္ခုအာရုံခံစားခြင်းသည်၊ စိတ်ပျံ့လွင့်ခြင်းထက်အကျိုးရှိ၏။ ဤအခြင်းအရာလည်း အနတ္တအမှု၊ လေကိုကျက်စားသောအမှုဖြစ်၏။
10 မည်သူမဆို၊ လူဟူသောအမည်မှည့်နှင့်သည့်အတိုင်း၊ ထင်ရှားခဲ့သည်ကိုထောက်၍၊ ကိုယ်ထက်တန်ခိုးကြီးသော ပုဂ္ဂိုလ်နှင့်မပြိုင်နိုင်။ 11 အနတ္တကိုတိုးပွားစေရန် အကြောင်းအရာများသည်ဖြစ်၍၊ လူ၌မည်သည့်အကျိုးရှိသနည်း။ 12 နေအောက်တွင်၊ နောက်မည်သို့ဖြစ်ပျက်မည်ကို၊ ဖော်ပြနိုင်သူမရှိသည်ဖြစ်၍၊ အရိပ်မျှသာ အချည်းအနှီးသော အသက်တာကုန်လွန်ရာ၌၊ လူ့အဖို့ထိုက်သင့်ရာကို မည်သူသိသနည်း။