2
၎င်းပြင်ငါက၊ ရွှင်လန်းခြင်းအားဖြင့် ကိုယ်ကို စမ်းသပ်၍၊ အကောင်းစားရမည်ဟု အောက်မေ့ရာတွင်၊ ထိုအရာလည်း၊ အနတ္တဖြစ်လေစွ။ ရယ်မောခြင်းအား၊ ရူးသွပ်သည်ဟူ၍လည်း‌ေကာင်း၊ ရွှင်လန်းခြင်းအားလည်း မည်သည့်အကျိုးကိုဖြစ်စေသနည်းဟူလည်း‌ေကာင်း၊ ငါဆိုရ၏။ လူ့သားတို့သည် အသက်တာနေ့ရက်ပိုင်း၌၊ မိုးကောင်းကင့်အောက်တွင် ပြုသင့်ရာကို မသိမချင်း၊ ဉာဏ်က လိမ္မာစွာပြုပြင်လျက်၊ ကိုယ်ခန္ဓာကို စပျစ်ရည်ဖြင့် အားရှိစေရန်လည်း‌ေကာင်း၊ မိုက်မဲခြင်းကိုလည်း စွဲကိုင်စေရန်လည်း‌ေကာင်း၊ စိတ်နှလုံး၌ ငါကြံစည်၏။ ကြီးကျယ်စွာ ငါစီမံသည်မှာ၊ တိုက်အိမ်များကို တည်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်များကို စိုက်ပျိုးခြင်း။ ဥယျာဉ်၊ ခြံများကိုပြုပြင်၍၊ အသီးအပင်အမျိုးမျိုးကို စိုက်ပျိုးခြင်း။ မျိုးပင်များကို ပြုစုရာ၊ ပျိုးခင်း၌ ရေသွင်းရန် ကန်တူးေဖာ်ခြင်းများကို စီမံ၏။ ယောက်ျားမိန်းမ ကျွန်ပိုင်များရှိ၍၊ အိမ်ပေါက်သားတို့ကို ရသည့်ပြင်၊ ငါ့အရင်၊ ယေရုရှလင်မြို့၌ ရှိနှင့်သူအပေါင်းတို့ထက်၊ သိုး၊ ဆိတ်၊ နွားများပြည့်စုံကြွယ်ဝလျက်၊ ရွှေငွေမှစသော၊ မင်းမြောက်တန်ဆာနှင့် ပြည်နိုင်ငံအခွန်အတုတ်အများကို စုသိမ်း၍၊ အငြိမ့်တော်ယောက်ျား မိန်းမတို့ကိုလည်း‌ေကာင်း၊ လူ့သားတို့ ပျော်မွေ့ရာအသိမ်းအပြောင်တို့ကိုလည်း‌ေကာင်း၊ ငါပိုင်ဖြစ်သဖြင့်၊ ငါ့အရင်၊ ယေရုရှလင်မြို့တွင် ရှိနှင့်သူအပေါင်းတို့ထက်၊ ကြီးမြင့်တိုးပွား၍၊ ဉာဏ်ပညာလည်း ငါ၌တည်သေး၏။ 10 စက္ခုအာရုံတစ်စုံတစ်ခုကိုမျှငါမငြင်း၊ အလုပ်အကိုင်သည် ကိုယ်ကျိုးဖြစ်သည်နှင့်၊ လုပ်ကိုင်သမျှအတွက် ငါရွှင်လန်း၍၊ စိတ်ရွှင်လန်းရာအကြောင်းတစ်စုံတစ်ခုကိုမျှငါမပယ်။ 11 ထို့နောက်၊ ငါ့လက်မှုရှိသမျှနှင့် ကြိုးပန်းစွာ လုပ်ကိုင်မှုကို စဉ်းစားရာ၊ အလုံးစုံပင်အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၍၊ နေအောက်တွင် ကောင်းကျိုးမရှိဟု သိမြင်ရ၏။
12 တစ်ဖန်တုံ၊ ဘုရင်မင်းထက်၊ နောက်ထပ်လာသူသည် မည်သို့ပြုနိုင်သနည်း။ ပြုရင်းတိုင်းသာပြုနိုင်သည်ကိုထောက်၍၊ ငါသည် ဉာဏ်ပညာကိုလည်း‌ေကာင်း၊ ရူးသွပ်ခြင်းနှင့် မိုက်မဲ ခြင်းကိုလည်း‌ေကာင်း၊ ဆင်ခြင်ရာ၊ 13 မှောင်မိုက်ထက် အလင်းမြတ်သည့်နည်းတူ၊ မိုက်မဲခြင်းထက် ပညာမြတ်ကြောင်း ကိုငါသိမြင်၏။ 14 ပညာရှိ၏ မျက်စိသည်၊ ဦးခေါင်း၌တည်၍၊ လူမိုက်ကား၊ မှောင်တွင်သာကျင်လည်တတ်သော်လည်း၊ နှစ်ဦးလုံး၌ တစ်မျိုးတည်းဖြစ်ပျက်ကြောင်းကို သိမြင်၍၊ 15 ငါက၊ လူမိုက်၌ဖြစ်ပျက်သကဲ့သို့၊ ငါ၌လည်း ဖြစ်ပျက်ခဲ့မူ၊ မည်သည့်အကြောင်းကြောင့် ထူးမြတ်သောပညာရှိသနည်းဟူ၍လည်း‌ေကာင်း၊ ပညာရှိခြင်းလည်းအနတ္တဖြစ်သည် ဟူ၍လည်း‌ေကာင်း၊ အောက်မေ့လေ၏။ 16 နောင်ကာလ၌၊ အလုံးစုံကိုမေ့လျော့နှင့်သည့်အတိုင်း၊ လူမိုက်ကဲ့သို့ပညာရှိကိုလည်းအစဉ်သတိရခြင်းမရှိချေ။ ပညာရှိသည်၊ လူမိုက်နည်းတူပင်၊ သေဆုံးရလေစွ တကား။ 17 သို့နှင့်အညီ၊ နေအောက်တွင်ပြုလုပ်သမျှသော အမှုအရာသည်၊ ငါ၌ဆိုးယုတ်သောကြောင့်၊ အသက်ရှင်ခြင်းကို ငါစက်ဆုပ်၏။ အလုံးစုံသည် အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်၏။
18 ၎င်းပြင်၊ နေအောက်တွင် ကြိုးပန်းစွာလုပ်ကိုင်သမျှကို ၊ နောက်ဖြစ်လာသူ့အဖို့ ငါထားခဲ့ရမည်ဖြစ်သောကြောင့်၊ ထိုအမှုအရာကို​စက်ဆုပ်လေ၏။ 19 ထိုသူသည်၊ လိမ္မာမည်၊ မလိမ္မာမည်ကို၊ မည်သူမျှမသိနိုင်သော်လည်း၊ နေအောက်တွင် ငါပညာချွန်၍ ကြိုးပမ်းစွာလုပ်ကိုင်သမျှကို၊ ဆက်ခံစိုးပိုင်လိမ့်မည်။ ထိုအခြင်းအရာ လည်း အနတ္တဖြစ်၏။ 20 ထိုကြောင့်၊ နေအောက်တွင် ငါကြိုးပမ်းစွာလုပ်ကိုင်သမျှနှင့်စပ်လျဉ်း၍၊ ပြောင်းလဲလျက်စိတ်ပျက်၏။ 21 မုချဆိုသော်၊ ဉာဏ်ပညာ၊ အသိပညာနှင့်လိမ္မာစွာ လုပ်ကိုင်သူရှိသော်လည်း၊ မလုပ်မကိုင်သူတို့အမွေဆက်ခံရန်ထားခဲ့ရမည်။ ဤအခြင်းအရာလည်း အနတ္တအမှု၊ ဆိုးယုတ်သောအမှုဖြစ်၏။ 22 လူသည် နေအောက်တွင် ဝိရိယစိုက်၍ကြိုးပမ်းစွာလုပ်ကိုင်သမျှကား၊ မည်သည့်အကျိုးရှိသနည်း။ 23 သူ့နေ့ရက်တာအတွင်း၊ အမှုအရေးသည် နစ်နာခြင်း၊ ပူဆွေးခြင်းနှင့်ပြည့်စုံသည့်ပြင်၊ ညဉ့်အခါလည်း၊ စိတ်သက်သာခွင့်မရှိ။ ဤအခြင်းအရာလည်း အနတ္တဖြစ်၏။
24-25 ငါ့ထက်၊ စားသောက်၍ သုခဝေဒနာခံစားသူမည်သူမျှ မရှိသည်နှင့်အညီ၊ စားသောက်ခြင်း၊ လုပ်ကိုင်မှု၌ စိတ်ရွှင်လန်းခြင်းများထက်၊ လူ၌ကောင်းသောအရာမရှိချေ။ ထိုသို့သောအခွင့်ကို ဘုရားသခင့်လက်တော်မှရသည်ဟု ငါသိ၏။ 26 စိတ်တော်နှင့်တွေ့သောသူအား၊ ဉာဏ်ပညာ၊ အသိပညာမှစ၍ ရွှင်လန်းခွင့်ကို၊ ဘုရားသခင်ပေးသနားတော်မူ၍၊ မှားယွင်းတတ်သူ့အား မူကား၊ စိတ်တော်နှင့်တွေ့သူ ၏ လက်သို့လွှဲအပ်စေရန်သာ၊ ဆည်းပူးခြင်းစုဆောင်းခြင်းတာဝန်ကို တင်တော်မူ၏။ ထိုအခြင်းအရာလည်း အနတ္တအမှု၊ လေကို ကျက်စားသောအမှုဖြစ်သတည်း။