အာစရိယောဝါဒကျမ်း
1
ယေရုရှလင်မြို့ နန်းစံဘုရင်ဒါဝိဒ်မင်းသားတော်၊ အာစရိယစကားဟူမူကား။ အနတ္တ၊ အနတ္တ၊ အနတ္တ၊ အရာခပ်သိမ်းသည်။ အနတ္တတည်းဟု၊ အာစရိယက ကြားပြောလေ၏။ လူသည် နေအောက်တွင် ကြိုးပန်းစွာလုပ်ကိုင်သမျှ၌၊ မည်သည့်အကျိုးရှိသနည်း။ လူမျိုးတစ်ဆက်ကွယ်လွန်၍၊ တစ်ဆက်ပေါ်လာသော်လည်း၊ မြေပထဝီကား၊ ထာဝရတည်သတည်း။ နေမင်းသည် ထွက်တုံဝင်တုံပြုလျက်၊ ထွက်ရာအရပ်သို့ပြေးသွားတတ်၏။ လေလည်း၊ တောင်မျက်နှာသို့တိုက်သွား၍၊ မြောက်မျက်နှာသို့လှည့်ပြန်၏။ လှည့်လည်တိုက်သွားသဖြင့်၊ ပတ်လည်အရပ်ရပ်များသို့ပြန်ရောက်တတ်၏။ ရှိသမျှသောမြစ်ချောင်းသည်၊ သမုဒ္ဒရာထဲသို့စီးဝင်သော်လည်း၊ သမုဒ္ဒရာမပြည့်မလျှံ။ ထွက်စီးရာအရပ်သို့ပြန်ရောက်တတ်၏။ အခြင်းအရာခပ်သိမ်းသည် ပင်ပန်းလှ၍၊ လူမမြွက်မဆိုနိုင်။ မျက်စိသည် ကြည့်၍မရောင့်ရဲ၊ နားလည်းကြား၍မညီးချေ။ ရှေးအဖြစ်သည်၊ နောက်အဖြစ်၊ ရှေးအမှုလည်း၊ နောက်အမှုဖြစ်အံ့သောကြောင့်၊ နေအောက်တွင် တစ်စုံတစ်ခုမျှအသစ်မရှိေချ။ 10 ကြည့်ပါလော့။ ဤအမှုကား၊ အသစ်တည်းဟုဆိုကြလျှင်၊ ထိုအမှုသည် ငါတို့အရင်၊ အတိတ်ကာလကပင်ဖြစ်နှင့်ခဲ့ပြီ။ 11 အတိတ်လူဆက်ကို၊ သတိမရတတ်သည့်အတိုင်း၊ ဖြစ်လတ္တံ့သောအနာဂတ်လူဆက်ကို လည်း၊ ၎င်းနောက်ဖြစ်အံ့သော သူတို့သတိရမည်မဟုတ်ချေ။
12 အာစရိယဖြစ်သောငါသည်၊ ယေရုရှလင်မြို့၌၊ ဣသရေလလူမျိုး၏ ဘုရင်ဖြစ်စဉ်၊ 13 မိုးကောင်းကင့်အောက်တွင် ပြုကြသမျှကို၊ ဉာဏ်ပညာအားဖြင့် စိစစ်ရှာဖွေ၍ နှလုံးသွင်းရာ၊ လူ့သားတို့ပြုကျင့်ရန်၊ ဘုရားသခင်ထားတော်မူသော အမှုသည်၊ ခဲယဉ်းသောတာဝန်ဖြစ်ကြောင်းကို သိရ၏။ 14 နေအောက်တွင် ပြုလုပ်သမျှသော အမှုများကို ငါမြင်ရသည်မှာ၊ အရာခပ်သိမ်းပင် အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်သတည်း။ 15 ကောက်ကျစ်သောအရာကိုမဖြောင့်မတ်စေနိုင်။ လိုသောအရာကိုလည်း မဖြည့်စွက်နိုင်ချေ။ 16 ကိုယ့်စိတ်နှလုံးနှင့် ဆွေးနွေးရာ၊ ငါက၊ ယေရုရှလင်မြို့ပေါ်တွင် အုပ်စိုးသမျှသော အတိတ်မင်းတို့ထက်၊ ပညာကိုလေ့လာတိုးပွား၍၊ ဉာဏ်ပညာနှင့်အသိပညာကို ကျွမ်းကျင်သိမြင်ခဲ့ပြီဟု မြွက်ဆိုသည့်ပြင်၊ 17 ဉာဏ်ပညာကိုလည်း‌ေကာင်း၊ ရူးသွပ်ခြင်းနှင့်မိုက်မဲခြင်းကိုလည်း‌ေကာင်း၊ သိစိမ့်သောငှာ နှလုံးသွင်းရာ၊ လေကိုကျက်စားသော အမှုအရာဖြစ်ကြောင်းကို ငါသိမြင်၏။ 18 အဘယ့်ကြောင့်ဆိုသော်၊ များစွာသောပညာ၌၊ ပူဆွေးခြင်းများစွာရှိသည်နှင့်၊ အသိပညာကို တိုးပွားစေသူလည်း၊ ပူပန်ခြင်းကို တိုးပွားစေသတည်း။