9
1-2 အိုဣသရေလလူမျိုး၊ နားထောင်ကြဦး။ အာနကအမျိုးသားတို့ရှေ့မည်သူခံရပ်နိုင်သနည်း ဟူသောအကြောင်းသတင်းကို ကြားရသည့်အတိုင်း၊ သင်တို့ထက်ခွန်အားတန်ခိုးကြီးသောလူမျိုး၊ အရပ်အမောင်းကြီးမြင့်သောလူမျိုး၊ သင်တို့သိသောအာနကလူမျိုးနှင့်၊ ကောင်းကင်အထိမြင့်သော ခံမြို့ကြီးများကို တိုက်ယူခြင်းငှါ၊ ယခုပင်ယော်ဒန်မြစ်ကိုကူးချီ၍ ဝင်ရောက်ကြတော့မည်။ သင်တို့သိမှတ်ရမည်ကား အခြားမဟုတ်၊ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ကျွမ်းလောင် သောမီးသဖွယ်ဦးဆောင်ကူးကြွတော်မူ၍၊ ကတိတော်အတိုင်း လျင်မြန်စွာဖျက်ဆီးနှင်ထုတ်ခွင့်ကို သင်တို့ရကြအံ့သောငှာ၊ ထိုလူမျိုးများကို သင်တို့ရှေ့နှိမ်နင်းပယ်ရှားတော်မူလိမ့်သတည်း။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ရှေ့ထိုသို့မောင်းနှင်တော်မူပြီးနောက်၊ ငါတို့ ဖြောင့်မတ်ခြင်းကြောင့်၊ ဤပြည်ကိုအပိုင်ပေးခြင်းငှာ ထာဝရဘုရားဆောင်သွင်းတော်မူပြီဟု မအောက်မေ့ကြလင့်။ သင်တို့ရှေ့ထာဝရဘုရားနှင်ထုတ်တော်မူသည့်အကြောင်းကား၊ ထိုလူမျိုးတို့ ဆိုးသွမ်းသောကြောင့်တည်း။ သင်တို့ဖြောင့်မတ်ခြင်း၊ စိတ်သဘောရိုးသားခြင်းများကြောင့်၊ ချင်းတို့ပြည်ကို အပိုင်ရခြင်းငှါ၊ ဝင်ရောက်ခွင့်ရကြသည်မဟုတ်။ သင်တို့ဘုရားသခင်ထာဝရဘုရားသည် ထိုလူမျိုးတို့ဆိုးသွမ်းခြင်း ကို ထောက်၍၊ ဘိုးဘေးများဖြစ်သူ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား သစ္စာဆိုတော်မူချက်ကို အတည်ပြုအံ့သောငှါ၊ သင်တို့ရှေ့နှင်ထုတ်တော်မူ၏။ သင်တို့ဘုရားသခင်ထာဝရဘုရားသည်၊ နှလုံးခဲယဉ်းသောလူမျိုးဖြစ်သူ သင်တို့အား၊ ဤပြည်ကောင်းကိုသင်တို့ဖြောင့်မတ်ခြင်းကြောင့် အပိုင်ပေးတော်မူမည်မဟုတ်ဟု သိမှတ်ကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရားအား၊ သဲတောတွင်အမျက်တိုက်ပြုမိကြသည်ကို မမေ့ဘဲ သတိ ရကြလော့၊ အိဂျစ်ပြည်မှထွက်သည့်နေ့ကစ၍၊ ဤနေရာသို့ရောက်သည့်တိုင်အောင်၊ ထာဝရဘုရားကို ပုန်ကန်လေ့ရှိကြသည်တကား။ ဟောရပ်တောင်တွင်ပင်၊ ထာဝရဘုရားကိုအမျက်တိုက်ပြုမိကြသည့်အတွက်၊ ထာဝရဘုရား သည် ပယ်ရှားအံ့သောအမျက်ထားတော်မူ၏။ သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူသောပဋိညာဉ်ဆိုင်ရာကျောက်နှစ်ပြားကိုခံယူရန် တောင်ပေါ် သို့ငါတက်သွား၍၊ မည်သည့်ရေစာကိုမျှ မစားမသောက်ဘဲ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံးနေသည့် ကာလ၊ 10 သင်တို့စည်းဝေးကြသည့်နေ့ရက်တော်၊ တောင်ပေါ်တွင်မီးအလယ်မှ ထာဝရဘုရားမိန့်မြွက် တော်မူသမျှအတိုင်း၊ လက်တော်ဖြင့်အက္ခရာတင်သော ကျောက်နှစ်ပြားကို ငါ့အားထာဝရဘုရား အပ်ပေးတော်မူ၏။ 11 ထာဝရဘုရားသည်၊ ရက်ပေါင်းလေးဆယ်နေ့ညဉ့်လွန်သောအခါ၊ ပဋိညာဉ်တော်ဆိုင်ရာ ထိုကျောက်နှစ်ပြားကို အပ်ပေးတော်မူလျက်၊ ငါ့အားမိန့်တော်မူသည်မှာ၊ 12 ထ၍ဤအရပ်မှအသော့ဆင်းသွားလော့။ အိဂျစ်ပြည်ကဆောင်ခဲ့သောသင့်လူမျိုးသည် ပျက်ယွင်းကြပြီ။ ငါမိန့်မှာသောနည်းလမ်းမှ အဆောတလျင်လွှဲသွားလျက်၊ 13 ရုပ်တုကိုသွန်းလုပ်ကြပြီဟူ၍လည်းေကာင်း၊ ဤလူမျိုးသည်နှလုံးခဲယဉ်းသောလူမျိုးဖြစ်သည်ကို ငါရှုမြင်ပြီ။ 14 ကောင်းကင်အောက်မှ၊ အမည်ပါ၊ ပယ်ရှားချေဖျောက်ရန် ငါရှိစေတော့။ သင့်ကိုကား၊ ချင်းတို့ ထက်များပြား၍ တန်ခိုးကြီးသောလူမျိုးဖြစ်စေမည်ဟူ၍လည်းေကာင်း၊ မိန့်တော်မူသည့်အတိုင်း၊ 15 ငါသည်ပဋိညာဉ်တော်ဆိုင်ရာကျောက်နှစ်ပြားကို လက်စုံကိုင်ယူလျက်၊ မီးတောက်သောတောင်ပေါ်က လှည့်ဆင်း၍ရှုကြည့်ရာ၊ 16 သင်တို့သည် ထာဝရဘုရားမိန့်မှာတော်မူသောလမ်းမှ အဆောတလျင်လွှဲသွားလျက်၊ ကိုယ့်ဘုရားသခင်ထာဝရဘုရားအား ပြစ်မှား၍၊ နွားရုပ်သွန်းလုပ်ကြသည်ကို သိမြင်သဖြင့်၊ 17 ကျောက်နှစ်ပြားကိုသင်တို့မျက်မှောက်တွင်ပင် စုံကိုင်ပစ်ချချိုးဖဲ့ပြီးမှ၊ 18-19 သင်တို့ကိုပယ်ရှားရန်၊ ထာဝရဘုရားထားတော်မူသောအမျက်ဒေါသကို ကြောက်ရွံ့၍၊ ထာဝရဘုရားရှေ့၊ အမျက်တော်တိုက်အဆိုးပြုလျက် ပြစ်မှားသမျှသောသင်တို့အပြစ်အတွက်၊ အထက်နည်းတူ၊ မည်သည့်ရေစာကိုမျှ မစားမသောက်ဘဲ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံး၊ ထာဝရ ဘုရားရှေ့ပျပ်ဝပ်လျက်နေရာ၊ ထိုကာလ၌ပင် နားညောင်းတော်မူ၏။ 20 ထိုအခါတွင် အာရုန်ကိုပယ်ရှားရန် ထာဝရဘုရားပြင်းစွာအမျက်ထားတော်မူသောကြောင့်၊ အာရုန့်အဖို့လည်း အသနားတော်ခံပြီးနောက်၊ 21 ချင်းတို့ပြစ်မှုတည်းဟူသော နွားရုပ်ကိုယူ၍၊ ကြိုချက်လျက် မုန့်မုန့်ကြေထောင်းထုချေမွပြီးမှ တောင်ပေါ်ကစီးဆင်းသောချောင်းရေတွင် ထိုအမုန့်ကို ငါသွန်ပစ်လေ၏။ 22 တဗေရ၊ မဿာ၊ ကိဗြုတ် ဟတ္တဝါအရပ်များ၌လည်း၊ ထာဝရဘုရားကို အမျက်တော်တိုက်ပြု ကြသည့်ပြင်၊ 23 ငါပေးသောပြည်ကို ချီတက်ပိုင်ယူကြလော့ဟူသောအမိန့်တော်ဖြင့်၊ ကာဒေရှဗာနာမြို့မှစေ လွှတ်တော်မူသည့်ကာလ၊ ယုံကြည်ခြင်းကင်းလျက် မလိုက်မနာဘဲ၊ ကိုယ့်ဘုရားသခင်ထာဝရဘုရား အမိန့်တော်ကိုဖီဆန်ခဲ့ကြပြီ။ 24 သင်တို့သည် ငါသိသည့်နေ့ကစ၍၊ ထာဝရဘုရားကို ပုန်ကန်လေ့ရှိကြသည်တကား။ 25 ထာဝရဘုရားရှေ့၊ အရက်လေးဆယ်နေ့ညဉ့်ပတ်လုံး၊ ငါပျပ်ဝပ်သည့်အကြောင်းမှာ၊ သင်တို့ ကိုပယ်ရှားမည်ဟု ထာဝရဘုရားမိန့်တော်မူသောကြောင့်တည်း။ 26 ငါက၊ အိုအရှင်ထာဝရဘုရား၊ အားကြီးသောလက်ရုံးတော်၊ တန်ခိုးတော်ဖြင့် အိဂျစ်ပြည်မှ ရွေးနုတ်ထုတ်ဆောင်ခဲ့သော၊ ပိုင်တော်မူရာဤလူမျိုးကို ဖျက်ဆီးတော်မမူပါလင့်။ 27-28 ကတိထားခဲ့သောပြည်သို့ ဆောင်သွင်းရန် တန်ခိုးကင်းလျက်၊ မုန်းထားသောကြောင့်၊ သဲတောတွင် အဆုံးစီရင်ရန်သာ ဤလူမျိုးကို ထာဝရဘုရားထုတ်ဆောင်ခဲ့သည်တကားဟု အကျွန်ုပ်တို့ ကိုထုတ်ဆောင်တော်မူရာပြည်သားတို့ဆိုခွင့်မရစေခြင်းငှာ၊ ဤလူမျိုး၏ခဲယဉ်းခြင်း၊ ဆိုးသွမ်းခြင်း၊ ပြစ်မှားခြင်းများကို ရှုမှတ်တော်မမူဘဲ၊ ကျွန်တော်ရင်းဖြစ်သော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ကို သတိရတော်မူပါ။ 29 ဤသူတို့မှာ၊ မဟာတန်ခိုးတော်၊ ဆန့်တန်းသောလက်ရုံးတော်ဖြင့် ထုတ်ဆောင်ခဲ့သောပိုင်တော် မူရာလူမျိုးဖြစ်ကြပါသတည်းဟု ထာဝရဘုရားအား အသနားတော်ခံလေ၏။