6
1-2 ကူးရောက်၍အပိုင်ရမည့်ပြည်တွင်၊ သင်တို့မှစသောသားမြေးတို့ပါ၊ သင်တို့ဘုရားသခင် ထာဝရဘုရားကိုခန့်ညားလျက်၊ ထုံးဖွဲ့မိန့်မှာတော်မူချက်ဟူသမျှကို တစ်သက်ပတ်လုံးစောင့်ရှောက်သဖြင့်၊ တာရှည်ခွင့်ရကြအံ့သောငှါ၊ ငါသွန်သင်သည့်အတိုင်း သင်တို့လိုက်နာကြရန်၊ သင်တို့ဘုရား သခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့သောပညတ်တော်နှင့် ထုံးဖွဲ့ဆုံးဖြတ်ချက်များကိုဆင့်ဆိုဦးအံ့။
3 အိုဣသရေလလူမျိုး၊ ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရား ကတိထားတော်မူသည့်အတိုင်း၊ နို့ရည်ပျားရည်လွှမ်းစီးသောပြည်တွင် အလွန်တိုးပွားလျက် ကောင်းစားကြအံ့သောငှါ၊ နားထောင် စောင့်ရှောက်လိုက်နာကြဦးလော့။
4 အိုဣသရေလလူမျိုး၊ နားထောင်ကြဦး။ ငါတို့ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားပေတည်း။
5 သင်တို့၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး၊ အသက်ဝိညာဉ်၊ အစွမ်းသတ္တိအကြွင်းမဲ့၊ ချစ်ကြည်မြတ်နိုးကြလော့။
6 ယနေ့ငါဆင့်ဆိုသောထိုအချက်ကိုပင်၊ နှလုံးသွင်းသည့်ပြင်၊ သားသမီးတို့အားလည်း အာဂုံဆောင်စေ၍၊
7 အိမ်မှာထိုင်နေစဉ်၊ လမ်းလျှောက်စဉ်၊ အိပ်ရာဝင်စဉ်၊ နိုးထစဉ်၊
8 ဆွေးနွေးလျက်၊ လက်တွင်လက္ခဏာသက်သေအဖြစ် မျက်မှောင်ကြားတွင် သင်းကျစ်အဖြစ်၊ ဆောင်ထားခြင်း၊
9 ဝင်းအိမ်တံခါးတိုင်များ၌ အက္ခရာတင်ခြင်းများကိုပြုကြလော့။
10-11 သင်တို့မတည်မဆောက်ဘဲ မြို့ကြီးမြို့မြတ်များနှင့်လည်းေကာင်း၊ သင်တို့မထည့်ဘဲ ဘဏ္ဍာအမျိုးမျိုး ပြည့်သောတိုက်အိမ်များနှင့်လည်းေကာင်း၊ သင်တို့မတူးဘဲ ဖော်ပြီးရေကန်များနှင့်လည်းေကာင်း၊ သင်တို့မစိုက်ဘဲ စပျစ် သံလွင်ခြံများနှင့်လည်းေကာင်း၊ ပြန့်ပြောသောပြည်၊ သင်တို့သို့ပေးသနားရန်၊ ဘိုးဘေးဖြစ်သူ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား သင်တို့ဘုရားသခင်ထာဝရဘုရားသစ္စာဆိုခဲ့သောပြည်သို့ ဆောင်သွင်း တော်မူသည့်အတိုင်း၊
12 ဝစွာစားသောက်ကြသည့်ကာလ၊ ကျွန်ခံနေရာအိဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့မလျော့စေခြင်းငှာ၊
13 သတိမူလျက်၊ သင်တို့ဘုရားသခင်ထာဝရဘုရားအား ခန့်ညားစွာဝတ်ပြု၍၊ နာမတော်ကိုသာ တိုင်တည်လျက်သစ္စာဆိုကြရမည်။
14-15 လူမျိုးဘောင်တွင် စံနေတော်မူသောသင်တို့ဘုရားသခင်ထာဝရဘုရားသည် မရှုဆိတ်သော ဘုရားဖြစ်တော်မူသည့်အလျောက်၊ အမျက်တော်ထားလျက် မြေပြင်မှပယ်ရှားတော်မူမည်ကိုစိုး၍၊ သင်တို့ပတ်ဝန်းကျင်ရှိလူမျိုးတို့ ဘုရားများအနက်၊ အခြားဘုရားများနောက်သို့ မလျှောက်မလိုက်ကြရ။
16 မဿာအရပ်၌ပြုသကဲ့သို့၊ သင်တို့ဘုရားသခင်ထာဝရဘုရားကို အစုံအစမ်းမပြုဘဲ
17 သင်တို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့သောစီရင်ချက်၊ သက်သေခံချက်၊ ထုံးဖွဲ့ချက် များကို စောင့်ရှောက်ထိန်းသိမ်းလျက်၊
18-19 ရန်သူရှိသမျှကို သင်တို့ရှေ့မောင်းနှင်တော်မူမည့်အကြောင်း ထာဝရဘုရားကတိတော် အတိုင်း၊ ဘိုးဘေးတို့အား သစ္စာဆိုခဲ့သောပြည်ကောင်းကို ဝင်ရောက်ပိုင်ရ၍ ကောင်းစားကြအံ့သော ငှါ၊ မျက်မှောက်တော်တွင် ဖြောင့်မှန်သင့်လျော်စွာပြုကျင့်ကြလော့။
20 နောင်၌လည်း သင်တို့သားများက၊ ကျွန်တော်တို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူခဲ့ သောသက်သေခံချက်၊ ထုံးဖွဲ့ချက်၊ ဆုံးဖြတ်ချက်များကား၊ မည်သို့ပါနည်းဟု မေးမြန်းကြသော်၊
21 သင်တို့က၊ ထာဝရဘုရားသည်၊ အိဂျစ်ပြည်တွင် ဖာရောမင်းထံကျွန်ခံရဘူးသောငါတို့ကို၊ လက်ရုံးတော်တန်ခိုးဖြင့် ထုတ်ဆောင်ရာ၊
22 အိဂျစ်ပြည်၌လည်းေကာင်း၊ ဖာရောမင်းနှင့်တစ်နန်းတော်လုံး၌လည်းေကာင်း၊ ပြင်းထန်သောသက်သေနိမိတ် လက္ခဏာကြီးများကို ငါတို့ရှေ့ေဖာ်ပြပြီးလျှင်၊
23 ဘိုးဘေးတို့အား သစ္စာဆိုခဲ့သောပြည်ကို ပေးသနား၍ ပို့သွင်းရန် ထုတ်ဆောင်တော်မူသည်နှင့် အညီ၊
24 ယခုဖြစ်သည့်အတိုင်း၊ အစဉ်ကောင်းစားလျက် အသက်ချမ်းသာရစေခြင်းငှါ ထုံးဖွဲ့ချက်များကို လိုက်နာ၍၊ ငါတို့ဘုရားသခင်ထာဝရဘုရားကိုခန့်ညားကြမည့်အကြောင်း မိန့်မှာတော်မူ၏။
25 ငါတို့ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ထိုပညတ်အလုံးစုံကို မျက်မှောက် တော်တွင် စောင့်ရှောက်လိုက်နာကြလျှင်၊ ငါတို့ဖြောင့်မတ်ရာ ဖြောင့်မတ်ကြောင်းဖြစ်လတ္တံ့ဟု ပြန်ပြောကြလေကုန်။