16
သင်တို့ဘုရားသခင်ထာဝရဘုရားသည် အဗိဗခေါ်လ၊ ညဉ့်အခါ၊ အိဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့သည်ကိုထောက်၍ ထိုလကိုအမှတ်ပြုလျက် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့၊ ပသခါပွဲကို ကျင်းပကြလော့။ နာမတော်တည်ရန် ရွေးချယ်တော်မူမည့်ဌာန၌ သင်တို့ဘုရားသခင်ထာဝရဘုရားထံ နွား၊ သိုး၊ ဆိတ်တို့အနက် ထိုပသခါယဇ်ကို ပူဇော်ကြရာ၊ အိဂျစ်ပြည်မှအလန့်တကြားထွက်လာရသည့်အလျောက်၊ ထိုပြည်မှထွက်လာသည့်နေ့ရက်ကို တစ်သက်ပတ်လုံးသတိရအံ့သောငှါ၊ ခုနစ်ရက်အတွင်း၊ တဆေးခတ်သောမုန့်ကိုမသုံးဆောင်ဘဲ၊ ခြိုးခြံ ခြင်းမုန့်တည်းဟူသော တဆေးမဲ့မုန့်ကိုသာ သုံးဆောင်ကြရမည်။ ခုနစ်ရက်တိုင်တိုင်၊ နေပြည်တစ်ဝှမ်းလုံးတွင် တဆေးမရှိစေရ။ ပွဲဦးညနေ၌ ပူဖော်ရသောအသား မည်သည်ကိုမျှ နံနက်တိုင်မကြွင်းစေရ။ သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသော မြို့ရွာများအတွင်း ပသခါယဇ်ကို မပူ ဇော်ရဘဲ၊ နာမတော်တည်ရန် ရွေးချယ်တော်မူမည့်ဌာန၌သာ နေဝင်ရာညဉ့်ဦးအချိန်၊ အိဂျစ်ပြည်မှထွက် လာကြသောအချိန်တွင် ပူဇော်ကြလော့။ သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာန၌ ချက်စားပြီးလျှင်၊ မိုးသောက်သော်၊ အိမ်သို့ပြန်သွားခွင့်ရှိကြ၏။ ခြောက်ရက်ပတ်လုံးတဆေးမဲ့မုန့်ကိုသာစားပြီးမှ၊ သတ္တမနေ့တွင် အမှုအရေးကိုမလုပ်ဆောင်ဘဲ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့အစုအရုံးကြီးကို ပြုကြလော့။
စပါးကိုတံစဉ်ကြော့သည့်နေ့ကစ၍ ခုနစ်သိတင်းထိရေတွက်သော်၊ 10 သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူသည်နှင့်အမျှ စေတနာအလျောက် လှူဖွယ်လက်ဆောင်ပါလျက် သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ သိတင်းပွဲကို ကျင်းပ ကြရာ၊ 11 သား၊ သမီး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ သင်တို့ဘောင်ရှိ ဂါမဝါသီလေဝိဂိုဏ်းသား၊ ဝင်နေသူ၊ ဖသက်ဆိုး၊ မုဆိုးမတို့ပါ နာမတော်တည်ရန် ရွေးချယ်တော်မူမည့်ဌာန၌ အားရရွှင်လန်းကြလော့။ 12 သင်လည်းအိဂျစ်ပြည်တွင် ကျွန်ခံခဲ့ကြောင်း အောက်မေ့၍၊ ဤထုံးဖွဲ့ချက်များကို စောင့်ရှောက် လိုက်နာကြရမည်။
13 ကောက်နယ်တလင်း၊ ဖိနင်းရာစပျစ်ကျင်းများမှ သိုထားကြသည့်ကာလ၊ ခုနစ်ရက်ပတ်လုံး တဲနေပွဲကို ကျင်းပကြရာ၊ 14 သား၊ သမီး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ဂါမဝါသီလေဝိဂိုဏ်းသား၊ တံခါးအတွင်းဝင်နေသူ၊ ဖသက်ဆိုး၊ မုဆိုးမတို့ပါ ထိုပွဲသဘင်၌ အားရရွှင်လန်းကြလော့။ 15 မြေထွက်အသီးအနှံမှစသောပြုလေရာရာတွင် သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီး မင်္ဂလာပေးတော်မူသည်ကိုထောက်၍၊ ရွေးချယ်တော်မူမည့်ဌာန၌ပင်၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားရှေ့၊ ခုနစ်ရက်ပတ်လုံးအားရရွှင်လန်းစွာ ပူဇော်ပွဲကျင်းပကြလော့။
16 တဆေးမဲ့မုန့်ပွဲ၊ သိတင်းပွဲ၊ တဲနေပွဲများ၌၊ တစ်နှစ်လျှင်သုံးကြိမ်၊ ယောက်ျားအပေါင်းတို့သည်၊ သင်တို့ဘုရားသခင်ထာဝရဘုရားထံ၊ ရွေးချယ်တော်မူမည့်ဌာန၌ ဖူးမျှော်ကြသော်၊ 17 လက်ချည်းမဟုတ်ဘဲ သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူသည် နှင့်အမျှ ထိုက်သင့်ရာကိုအသီးအသီးလှူဒါန်းဖူးမျှော်ကြရမည်။
18 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသော မြို့ရွာရှိသမျှတွင် တရားသူကြီး၊ တရားခုံတို့ကို၊ အနွယ်များအလိုက် ခန့်ထားကြရမည်။ ထိုသူတို့သည် လူမျိုးတော်အပေါ်တွင် တရားသဖြင့် စီရင်ကြစေ။ 19 တရားမလွဲ၊ မျက်နှာကိုမထောက်၊ တံစိုးကိုမစားကြနှင့်။ တံစိုးသည် ပညာရှိတို့ဉာဏ်စက္ခုကို ကွယ်စေ၍၊ ဖြောင့်မတ်သူတို့၏အမှုကိုလည်း မှောက်လှန်တတ်၏။ 20 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်ကို ပိုင်ရလျက် ရှင်နေခွင့်ရခြင်း ငှါ တရားအတိုင်းသာ လျှောက်လိုက်ကြလော့။
21-22 သင်တို့ဘုရားသခင်ထာဝရဘုရားအဖို့ တည်လုပ်မည့်ပူဇော်ရာပလ္လင်တော့်အနီး၊ သင်တို့ ဘုရားသခင်ထာဝရဘုရားမုန်းထားသောကျောက်တိုင်၊ တံခွန်တိုင်မည်သည်ကိုမျှ မစိုက်မထူကြရ။