12
1 ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားအပိုင်ပေးတော်မူသောပြည်တွင် အသက်တည်သမျှကာလ ပတ်လုံး၊ စောင့်ရှောက်လိုက်နာကြရသော ထုံးဖွဲ့ဆုံးဖြတ်ချက်များကို ဆိုဦးအံ့။
2 တောင်ကြီးတောင်ငယ်များပေါ်၌လည်းေကာင်း၊ စိမ်းလန်းသောသစ်ပင်များအောက်၌လည်းေကာင်း၊ ကိုယ့်ဘုရား များအား၊ သင်တို့တိုက်ယူကြသောလူမျိုးခြားတို့ ဝတ်ပြုရာဌာနဟူသမျှကို ဖျက်ဆီးလျက်၊
3 ယဇ်ပလ္လင်များကို ဖြိုလှဲခြင်း၊ ကျောက်တိုင်များကိုချိုးဖဲ့ခြင်း၊ တံခွန်တိုင်များကိုမီးတိုက်ခြင်း၊ ရုပ်တုဘုရားများကို ခုတ်လှဲခြင်းပြု၍၊ အမည်ကိုပင်ထိုနေရာမှ ပယ်ဖျက်ကြရမည်။
4 ချင်းတို့နည်းအလိုက်၊ သင်တို့ဘုရားသခင်ထာဝရဘုရားအား ဝတ်မပြုရဘဲ၊
5 နာမတော်တည်ရန်၊ သင်တို့အနွယ်အပေါင်းတို့နေရာများအနက်၊ သင်တို့ဘုရားသခင်ထာဝရဘုရား ရွေးချယ်တော်မူမည့်ကိန်းဝပ်ရာဌာနကိုသာ ရှာဖွေတိုးဝင်လျက်၊
6 မီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာ၊ ဆယ်ဖို့တစ်ဖို့အလှူ၊ မြှောက်ဆက်ရာလက်ဆောင်၊ သစ္စာဝတ်အလျောက်၊ စေတနာအလျောက်၊ အလှူဒါနနွား၊ သိုး၊ ဆိတ်တို့အနက် သားဦးများကို ဆောင်သွင်းကြရာ၊
7 ထိုဌာန၌ပင်၊ အိမ်သူအိမ်သားတို့ပါ၊ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့သုံးဆောင်သည့်ပြင်၊ ပြုလေရာရာတွင် သင်တို့ဘုရားသခင်ထာဝရဘုရားကောင်းကြီးမင်္ဂလာပေးတော်မူခြင်းကြောင့်၊ အားရရွှင်လန်းကြရမည်။
8-9 သင်တို့ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသော ရန်ငြိမ်းရာ ပိုင်စုသို့၊ မဝင်ရောက် သေးသည့်အတွက် ကိုယ့်အလိုရှိရာလူတိုင်းလိုက်လျက်၊ ဤနေရာတွင် ငါတို့ပြုလေ့ရှိသည့်အလျောက် မပြုမကျင့်ကြရ။
10 ယော်ဒန်မြစ်ကိုကူးချီပြီးလျှင်၊ သင်တို့ဘုရားသခင်ထာဝရဘုရားအပိုင်ရစေတော်မူသော ပြည် တွင် ပတ်ဝန်းကျင်အရပ်ရပ်မှ ရန်ငြိမ်းခွင့်ပေးတော်မူသည့်အလျောက်၊ လုံခြုံစွာနေထိုင်ကြသည့် ကာလ၊
11 နာမတော်တည်ရန် သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာနသို့ ငါမှာထား သမျှသောမီးရှို့ရာသက္ကာ၊ မိတ်သဟာယသက္ကာ ဆယ်ဘို့တစ်ဘို့အလှူ၊ မြှောက်ဆက်ရာလက်ဆောင်၊ ထာဝရဘုရားထံသစ္စာထားသော အလှူမြတ်များကို ဆောင်သွင်းကြရာ၊
12 သား၊ သမီး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့နှင့်တကွ၊ သင်တို့ဘောင်တွင် အမွေဝေပုံစုမရသော ဂါမဝါသီလေဝိဂိုဏ်းသားတို့ပါ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ အားရရွှင်လန်းကြရမည်။
13 သင်တို့ရှုမြင်ရာအရပ်ရပ်၌ မီးရှို့ရာသက္ကာများကို မပူဇော်ရန်သတိမူလျက်၊
14 အနွယ်တစ်နွယ်နေရာတွင် ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာန၌သာ၊ မီးရှို့ရာသက္ကာကိုပူဇော် ၍၊ ငါမှာထားသမျှအတိုင်း ဝတ်ပြုကြလော့။
15 သို့ရာတွင်၊ သင်တို့ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောကောင်းကြီးမင်္ဂလာ အလျောက် မြို့ရွာများအတွင်း အမဲကိုစီရင်လျက်၊ မသန့်သူ၊ သန့်သူတို့ပါ သမင်ဒရယ်သားကို စားရသည့်နည်းတူ၊ ချင်ရဲပြေအောင်စားခွင့်ရှိကြ၏။
16 အသွေးကိုကား၊ မသုံးဆောင်ရ။ ရေကဲ့သို့မြေပေါ်တွင် သွန်ကြရမည်။
17 ဆန်စပါး၊ စပျစ်ရည်နှင့်ဆီများအနက် လှူအပ်သောဆယ်ဖို့တစ်ဖို့ကိုသော်လည်းေကာင်း၊ နွား၊ သိုး၊ ဆိတ်တို့အနက် သားဦးများကိုသော်လည်းေကာင်း၊ သစ္စာဝတ်အလျောက်၊ စေတနာအလျောက်၊ အလှူဒါနကို သော်လည်းေကာင်း၊ မြှောက်ဆက်ရာလက်ဆောင်ကိုသော်လည်းေကာင်း၊ မြို့ရွာများအတွင်း မသုံးဆောင်ရဘဲ၊
18 သင်တို့ဘုရားသခင်ထာဝရဘုရား ရွေးချယ်တော်မူမည့်ဌာန၌သာ၊ ရှေ့တော်တွင်ပင် သား၊ သမီး၊ ကျွန်ယော်က်ျား၊ ကျွန်မိန်းမ၊ ဂါမဝါသီလေဝိဂိုဏ်းသားတို့ပါ သုံးဆောင်လျက် ပြုလေရာရာ၌ သင်တို့ဘုရားသခင်ထာဝရဘုရားရှေ့ အားရရွှင်လန်းကြရမည်။
19 နေပြည်တွင် အသက်တည်သည့်ကာလပတ်လုံး၊ လေဝိဂိုဏ်းသားတို့အား ဝတ်မပျက်ရန် သတိမူကြလော့။
20 ကတိတော်အတိုင်းပြည်နယ်ကို သင်တို့ဘုရားသခင် ထာဝရဘုရားကျယ်ဝန်းစေတော်မူပြီးလျှင်၊ အမဲသားကိုစားလိုသောဆန္ဒရှိသဖြင့် စားအံ့ဟုကြံစည်သော်၊ ချင်ရဲပြေအောင် စားခွင့်ရှိသည့် အလျောက်၊
21-22 နာမတော်တည်ရန် သင်တို့ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူမည့်ဌာနဝေးကွာသည်ဖြစ်က၊ ထာဝရဘုရားပေး သနားတော်မူသောနွား၊ သိုး၊ ဆိတ်တို့အနက် ငါမိန့်မှာချက်အတိုင်း၊ မြို့ရွာများအတွင်းစီရင်လျက်၊ သမင်ဒရယ်သားကို စားရသည့်နည်းတူ၊ သင်တို့မှစ၍ မသန့်သူသန့်သူတို့ပါ ချင်ရဲပြေအောင် စားခွင့် ရှိကြ၏။
23 အသွေးကိုကား၊ မသုံးဆောင်ဘဲတည်မြဲကြလော့။ အသွေးသည်အသက်မှန်သည်ကိုထောက်၍ အသက်ပါသည့်အသားကိုမစားကြရ။
24 မသုံးဆောင်ဘဲ၊ ရေကဲ့သို့မြေတွင်သွန်ကြလော့။
25 ထာဝရဘုရားမျက်မှောက်တော်တွင် ဖြောင့်မှန်စွာပြုကျင့်သည့်အလျောက်၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့ပါ ကောင်းစားကြအံ့သောငှာ၊ မသုံးဆောင်ဘဲနေကြလော့။
26 သင်တို့သီးသန့်ရာအလှူများနှင့် သစ္စာဝတ်အလျောက်အလှူများမှာမူ ထာဝရဘုရားရွေးချယ် တော်မူမည့်ဌာနသို့ဆောင်သွားပြီးလျှင်၊
27 သင်တို့ဘုရားသခင်ထာဝရဘုရား၏ပူဇော်ရာပလ္လင်တော်ပေါ်တွင် မီးရှို့ရာသက္ကာများကို အသွေးအသားပါ ပူဇော်လျက်၊ မိတ်သဟာယသက္ကာအသွေးကိုကား သင်တို့ဘုရားသခင်ထာဝရ ဘုရား၏ပူဇော်ရာပလ္လင်တော့်ပေါ်တွင် သွန်းလောင်း၍၊ အသားကိုယူစားကြလော့။
28 သင်တို့ဘုရားသခင်ထာဝရဘုရားမျက်မှောက်တော်တွင်၊ ဖြောင့်မှန်သင့်လျော်စွာပြုကျင့်ကြ သည့်အလျောက်၊ သင်တို့မှစ၍ သားစဉ်မြေးဆက်တို့ပါ၊ အစဉ်ကောင်းစားကြအံ့သောငှါ ငါဆင့်ဆို သမျှသောဤအချက်များကို နာယူစောင့်ရှောက်ကြလော့။
29 သင်တို့ဝင်ရောက်ပိုင်ယူမည့်ပြည်ရှိ လူမျိုးခြားတို့ကို သင်တို့ဘုရားသခင်ထာဝရဘုရားပယ် ဖျက်တော်မူသည့်အလျောက်၊ တိုက်ယူပြီးလျှင် နေထိုင်ခွင့်ရကြသည့်ကာလ၊
30 သင်တို့ရှေ့ပယ်ရှားခံပြီးသောလူမျိုးတို့ ထုံးနည်းသို့ကျော့မိရာမရောက်ရန်လည်းေကာင်း၊ ထပ်တူပြုလို သမှု၊ ထိုလူမျိုးခြားတို့သည် ကိုယ့်ဘုရားများကို မည်သို့ဝတ်ပြုကြသနည်းဟူ၍ ချင်းတို့ဘုရားများ အကြောင်း မမေးမြန်းရန်လည်းေကာင်း၊ သတိမူကြလော့။
31 ထာဝရဘုရားမုန်းထားရွံရှာတော်မူသမျှအတိုင်း၊ ကိုယ့်ဘုရားများကိုဝတ်ပြုလျက်၊ သားသမီး များကိုပင် မီးဖြင့်ဆက်ကပ်ကြသောကြောင့် ချင်းတို့ထုံးနည်းအလိုက်၊ သင်တို့ဘုရားသခင်ထာဝရ ဘုရားကို ဝတ်မပြုကြလင့်။
32 ငါဆင့်ဆိုသမျှသောအချက်ကို သွင်းခြင်း၊ နုတ်ခြင်းမပြုဘဲ၊ စောင့်ရှောက်လိုက်နာကြလော့။