2
နေဗုခဒ်နေဇာမင်းသည် နန်းစံဒုတိယနှစ်တွင်အိပ်မက်ကိုမြင်ရာ စိတ်ပူပန်သဖြင့်စက်၍မပျော်သည်နှင့် အိပ်မက်တော်ကိုဖော်ပြစေခြင်းငှာ၊ ဗေဒင်ဆရာ၊ မှော်ဆရာ၊ ပယောဂဆရာ၊ ခါလဒဲဆရာတို့ကို အမိန့်တော်နှင့်ခေါ်စေသည့်အတိုင်း ရှေ့တော်သို့ဝင်ရောက်ခစားမိကြသော်၊ ​ ဘုရင်မင်းက၊ ငါအိပ်မက်မြင်ရပြီ။ ထိုအိပ်မက်ကိုသိမှတ်လိုသည့်အတွက် စိတ်ပူပန်သည်ဟုမိန့်ဆိုရာ၊ ခါလဒဲဆရာတို့က ဘုရင်မင်းမြတ် ကာလအစဉ်သက်တော်ရှည်ပါစေ။ အိပ်မက်တော်ကို ကျွန်တော်မျိုးတို့အားပြန်ကြားတော်မူလျှင် အနက်ဖတ်ကြပါမည်ဟု အာရံဘာသာစကားဖြင့်တင်လျှောက်ကြ၏။ ဘုရင်မင်းကလည်း ငါအမိန့်ထုတ်ထားသည်မှာ ထိုအိပ်မက်ကိုအနက်ပါမဖော်မပြလျှင် သင်တို့ကိုအပိုင်းပိုင်းဖြတ်၍ နေအိမ်များကိုလည်းပြာပုံဖြစ်စေမည်။ အိပ်မက်ကိုအနက်ပါဖော်ပြလျှင်မူကား ဆုလပ်နှင့်ဂုဏ်ထူးကိုငါပေးမည်။ သို့ဖြစ်၍အိပ်မက်ကိုအနက်ပါဖော်ပြကြလော့ဟု ခါလဒဲဆရာတို့အားမိန့်ဆိုလေ၏။ ထိုသူတို့က ဘုရင်မင်းမြတ်၊ ကျွန်တော်မျိုးတို့အား အိပ်မက်တော်ကိုပြန်ကြားပါလျှင် အနက်ဖတ်ပါမည်ဟုတစ်ဖန်တင်လျှောက်ကြပြန်သော်၊ ဘုရင်မင်းက ငါအမိန့်ထုတ်ပြီးသည်ကိုသင်တို့သိလျက်နှင့် အချိန်ကြာလင့်စေလိုကြောင်းငါမုချသိ၏။ အိပ်မက်ကို မဖော်မပြလျှင်မူကား ကာလအချိန်ကိုရွှေ့ဆိုင်းလိုသောသဘောနှင့် ရှေ့တော်တွင်ကောက်ကျစ်စဉ်းလဲစွာတင်လျှောက်ရန် ကြံဖန်ကြပြီဖြစ်သောကြောင့် သင်တို့အဖို့အပြစ်ဒဏ်တစ်မျိုးတည်းရှိလိမ့်မည်။ ထို့ကြောင့် အိပ်မက်ကိုဖော်ပြကြလော့။ ပြလျှင် အနက်ဖတ်နိုင်ကြောင်းကို ငါသိမည်ဟုမိန့်ဆိုလေ၏။ 10 ခါလဒဲဆရာတို့ကလည်း ဘုရင်မင်းမြတ်၏အမှုကိုဖော်ပြနိုင်မည့်သူ မြေပေါ်တွင်တစ်ယောက်မျှမရှိပါ။ မည်သည့်ဘုရင်မဆို ဘုန်းတန်ခိုးကြီးသော်လည်း ဗေဒင်ဆရာ၊ မှော်ဆရာ၊ ခါလဒဲဆရာတို့ကို ဤသို့မေးတော်မူလေ့မရှိပါ။ 11 ဘုရင်မင်းမြတ်မေးတော်မူသောအရာ ခဲယဉ်းသည်ဖြစ်ပါ၍ လူ့ဘုံတွင်မတည်မနေသောနတ်ဘုရားတို့မှတစ်ပါး၊ ရှေ့တော်၌ဖော်ပြနိုင်သူတစ်ယောက်မျှမရှိပါဟု ဘုရင်မင်းအား တစ်ဖန်တင်လျှောက်ကြသည်နှင့်၊ 12 ဘုရင်မင်းသည် ဒေါသအမျက်ပြင်းစွာထွက်၍ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို ကွပ်မျက်စေဟုအမိန့်ရှိ၏။
13 အမိန့်ထုတ်သည်အတိုင်း ပညာရှိတို့သည်ကွပ်မျက်ခံရမည်ဖြစ်၍ ဒံယေလနှင့်အပေါင်းအဖော်တို့ကိုလည်း ကွပ်မျက်ရန်ရှာကြံကြစဥ်၊ 14 ဗာဗုလုန်ပညာရှိတို့ကို ကွပ်မျက်ရန်ထုတ်သွားသောကိုယ်ရံတော်မှူးအာရုတ်ကို ဒံယေလက၊ သတိပညာအကြံနှင့်လျှောက်၍၊ 15 ဘုရင်မင်းမြတ်အမိန့်တော် အဘယ်ကြောင့်ဤမျှပြင်းထန်ရသနည်းဟု ၎င်းဗိုလ်မှူးအာရုတ်အားမေးရာ အာရုတ်က ဒံယေလအားထိုအကြောင်းကို ကြားပြောလျှင်၊ 16 ဒံယေလသည် ဘုရင်မင်းထံတိုးဝင်၍ အိပ်မက်တော်ဖော်ပြရန် အချိန်ရွှေ့ဆိုင်းပါမည့်အကြောင်း အသနားတော်ခံလေ၏။ 17-18 ထိုနောက် ဒံယေလသည်အိမ်သို့ပြန်သွားပြီးလျှင် ကိုယ်တိုင်မှစ၍အပေါင်းအဖော်တို့နှင့် ဗာဗုလုန်အခြားပညာရှိတို့ပါ မပျက်စီးကြရမည့်အကြောင်း ထိုကွယ်ဝှက်ရာနှင့်စပ်လျဉ်း၍ ကောင်းကင်ဘုံရှင်ဘုရားသခင့်ထံ ကရုဏာတော်ကိုတောင်းလျှောက်ကြရန် အပေါင်းအဖော်ဖြစ်သူ ဟာနနိ၊ မိရှေလ၊ အာဇရိတို့အား ထိုအမှုအရေးကိုပြန်ကြားလေ၏။ 19 ညဉ့်အခါဒံယေလသည် ထိုကွယ်ဝှက်ရာကိုအာရုံဖြင့်ထင်မြင်၍ ကောင်းကင်ဘုံရှင်ဘုရားသခင်ကို ဩဘာပြုလျက်၊ 20 ဘုရားသခင်၏နာမတော်ကို အနန္တကာလပတ်လုံး ဩဘာပြုကြပါစေသော။ ကိုယ်တော်သည် ဉာဏ်ပညာနှင့်လည်းကောင်း၊ တန်ခိုးနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။ 21 အချိန်ကာလများကိုပြောင်းလွှဲ၍ ဘုရင်မင်းတို့အားလည်း နန်းချ၊ နန်းတင်တော်မူ၏၊။ ပညာရှိတို့အား ဉာဏ်ပညာကိုလည်းကောင်း၊ ဉာဏ်ချွန်သူတို့အားအသိပညာကိုလည်းကောင်း သနားတော်မူ၏။ 22 နက်နဲ၍ကွယ်ဝှက်သောအရာများကို ထင်ရှားစေသည့်ပြင် မှောင်မိုက်တွင်ရှိလေသမျှကိုလည်းသိမြင်တော်မူလျက် အလင်းသည် ကိုယ်တော်နှင့်အတူတည်ရှိပါ၏။ 23 အကျွန်ုပ်အား ဉာဏ်ပညာနှင့်အစွမ်းသတ္တိကိုပေးသနား၍ အကျွန်ုပ်တို့တောင်းလျှောက်သည့်အလျောက် ဘုရင်မင်း၏အမှုအရေးကို ယခုဖော်ပြတော်မူသော ဘိုးဘေးတို့၏ဘုရားသခင်၊ ကိုယ်တော်၏ကျေးဇူးကိုချီးမွမ်းထောမနာပြုပါသည်ဟု ဒံယေလလျှောက်ဆိုပြီးလျှင်၊ 24 ဗာဗုလုန်ပညာရှိတို့ကိုသုတ်သင်ရန် ဘုရင်မင်းခန့်အပ်သော အာရုတ်ထံဝင်ရောက်၍ ဗာဗုလုန်ပညာရှိတို့ကိုမသုတ်သင်ဘဲ ကျွန်တော်ကိုရှေ့တော်သို့ပို့သွင်းပါ။ ဘုရင်မင်းမြတ်အား အိပ်မက်တော့်အနက်ကိုဖတ်ပြပါမည်ဟု လျှောက်ဆို၏။
25 ထိုအခါ အာရုတ်သည်ဒံယေလကို ရှေ့တော်သို့အဆောတလျှင်ခေါ်သွင်းပြီးလျှင် ဘုရင်မင်းမြတ်အား၊ အိပ်မက်တော့်အနက်ဖတ်ပြနိုင်သူတစ်ယောက်ကို သုံ့ပန်းဖြစ်သောယုဒအမျိုးတို့တွင်တွေ့ပါပြီဟု တင်လျှောက်သော်၊ 26 ဘုရင်မင်းက၊ ငါမြင်မက်သောအိပ်မက်ကို အနက်ပါသင်ဖော်ပြနိုင်သလောဟု ဗေလတရှာဇာဘွဲ့ခံဒံယေလကိုမေးလျှင်၊ 27 ဒံယေလက၊ ဘုရင်မင်းမြတ်သိလိုတော်မူသောကွယ်ဝှက်ရာကို ပညာရှိ၊ မှော်ဆရာ၊ ဗေဒင်ဆရာ၊ ဟူးရားဆရာတို့ မဖော်မပြနိုင်ကြသော်လည်း၊ 28 ကွယ်ဝှက်ရာများကို ထင်ရှားစေတော်မူသောဘုရားသခင်သည် ကောင်းကင်ဘုံ၌စံနေလျက် နောင်ဖြစ်လတ္တံ့သောအကြောင်းအရာများကို ဘုရင်မင်းမြတ်အား ဖော်ပြတော်မူလေပြီ။ သာလွန်တော်ပေါ်တွင် မြင်သောမနောရူပါရုံနှင့်စပ်လျဉ်းရာမှာ၊ 29 နောင်ဖြစ်လတ္တံ့သောအကြောင်းအရာများကို ထိုသာလွန်၌ပင်ဘုရင်မင်းမြတ်ဆင်ခြင်စဉ်းစားဆဲတွင် ကွယ်ဝှက်သောအရာကိုပင်ထင်ရှားစေတော်မူသော အရှင်သည် ဖြစ်ပျက်လတ္တံ့သာအရာများကို ကိုယ်တော်အားဖော်ပြတော်မူ၏။ 30 အသက်ရှင်သူတကာတို့ထက် ကျွန်တော်မျိုးသည် ပညာရှိသောကြောင့်မဟုတ်ပါ။ အိပ်မက်တော့်အနက်ကိုလည်းကောင်း၊ နှလုံးတော်ဆင်ခြင်ချက်ကိုလည်းကောင်း ဘုရင်မင်းမြတ်သိစေခြင်းငှာသာ ထိုကွယ်ဝှက်ရာသည် ကျွန်တော်မျိုး၌ထင်ရှားလျက်ရှိပါ၏။ 31 ဘုရင်မင်းမြတ်မြင်မက်ရာတွင် အရုပ်ကြီးကိုမြင်တော်မူသည်မှာအရောင်ဆန်းကြယ်လျက် ကြောက်မက်ဖွယ်အဆင်းရှိသောထိုအရုပ်ကြီးသည် ရှေ့တော်တွင်တည်ရှိ၏။ 32 ထိုအရုပ်သည် ဦးခေါင်းကား ရွှေစင်၊ ရင်နှင့်လက်ကား ငွေ၊ ဝမ်းနှင့်ပေါင်ကား ကြေး၊ 33 သလုံးကား သံ၊ ခြေကား သံတစ်ပိုင်းမြေတစ်ပိုင်းဖြစ်၏။ 34 ဘုရင်မင်းမြတ်ရှုစားတော်မူခိုက် လူ့လက်ဖြင့်မဟုတ်ဘဲ၊ ထွင်းထုတ်လိုက်သောကျောက်တစ်လုံးသည် သံနှင့်မြေဖြစ်သောအရုပ်၏ ခြေကိုထိမှန်ချိုးဖဲ့သည်ရှိသော်၊ 35 သံ၊ မြေ၊ ကြေး၊ ငွေ၊ ရွှေများလည်း တစ်ပြိုင်နက်ကျိုးပဲ့လျက် နွေကာလတွင်ကောက်နယ်တလင်း၌ အဖျင်းမှုန်ကာကဲ့သို့ဖြစ်၍ လေတိုက်သဖြင့် လွင့်သွားကွယ်ပျောက်လေပြီ။ အရုပ်ကိုထိမှန်သောကျောက်ကား ကြီးမားသောကျောက်တောင်ဖြစ်ပွားလျက် မြေတစ်ပြင်လုံးပြည့်လွှမ်းသည်ကို မြင်မက်တော်မူ၏။ 36 အိပ်မက်တော်အနက်ကို ရှေ့တော်တွင်ဖတ်၍တင်လျှောက်ဦးအံ့။ 37 ဘုရင်မင်းမြတ်သည် ဘုရင်ထက်ဘုရင်ဖြစ်တော်မူ၏။ ကောင်းကင်ဘုံရှင်ဘုရားသခင်သည် နိုင်ငံ၊ ဘုန်းတန်ခိုး၊ အာနုဘော်များကို ကိုယ်တော်အားအပ်ပေးတော်မူသည့်ပြင်၊ 38 လူနေရာရှိသမျှတွင် မြေသတ္တဝါ၊ လေသတ္တဝါတို့ကိုလည်း လက်တော်သို့အပ်ပေး၍ ခပ်သိမ်းတို့အပေါ်တွင်အုပ်စိုးခွင့်ပြုတော်မူပြီ။ ရွှေဖြစ်သောထိုဦးခေါင်းကား ဘုရင်မင်းမြတ်ပေတည်း။ 39 ဘုရင်မင်းမြတ်၏နောင်၌ ဤနိုင်ငံမျှလောက်မမြတ်သောတစ်နိုင်ငံတည်ထောင်လိမ့်မည်။ ပြီးမှ မြေတစ်ပြင်လုံးကိုအုပ်စိုးသော ကြေးသဏ္ဌာန်တတိယနိုင်ငံလည်း တည်ထောင်လိမ့်မည်။ 40 သံသည် အရာခပ်သိမ်းကိုချိုးဖဲ့ခွဲစိတ်နိုင်သည်ဖြစ်၍ စတုတ္ထနိုင်ငံသည် သံကဲ့သို့ခိုင်မာလိမ့်မည်။ အရာခပ်သိမ်းကိုချေမွသောသံကဲ့သို့ ထိုနိုင်ငံကလည်း ချိုးဖဲ့ချေမွလိမ့်မည်။ 41 ခြေနှင့် ခြေချောင်းများလည်း အိုးမြေတစ်ပိုင်းသံတစ်ပိုင်းရှိသည်ကို ဘုရင်မင်းမြတ်မြင်တော်မူသည်နှင့်အညီ ကွဲပြားသောနိုင်ငံဖြစ်မည့်မှန်သော်လည်း မြေနှင့်တကွသံပါသည်ကို မြင်တော်မူသည်ဖြစ်၍ သံ၏ခိုင်မာခြင်းနှင့်ဆက်ဆံလိမ့်မည်။ 42 ခြေချောင်းများသည် သံတစ်ပိုင်းမြေတစ်ပိုင်းဖြစ်သည်နှင့်အညီ ထိုနိုင်ငံသည်တစ်ပိုင်းခိုင်မာလျက် တစ်ပိုင်းပျက်လွယ်လျက်ရှိလိမ့်မည်။ 43 မြေနှင့်တကွ သံပါသည်ကိုမြင်တော်မူသည့်အတိုင်း နိုင်ငံသားချင်းတို့သည်ဆက်ဆံကြသော်လည်း သံနှင့်မြေမကပ်သည့်နည်းတူ အချင်းချင်းမစည်းမကပ်ရာ၊ 44-45 လူ့လက်ဖြင့်မဟုတ်ဘဲ တောင်ပေါ်မှထွင်းထုတ်လိုက်သောကျောက်တစ်လုံးသည် သံ၊ ကြေး၊ မြေ၊ ငွေ၊ ရွှေများကိုချိုးဖဲ့ကြောင်း မြင်တော်မူသည့်အတိုင်း ၎င်းနိုင်ငံ ဘုရင်တို့လက်ထက် ကောင်းကင်ဘုံရှင်ဘုရားသခင်သည်အစဉ်တည်မြဲလျက် မပျက်စီးနိုင်သောနိုင်ငံ လူတစ်မျိုးသို့အာဏာစက်မလွှဲဘဲ၊ ဆိုခဲ့သည့်နိုင်ငံရှိသမျှကို ချိုးဖဲ့ဖျက်ဆီးမည့်နိုင်ငံကို တည်ထောင်စေတော်မူလိမ့်မည်။ နောင်ဖြစ်လတ္တံ့သောအရာများကို မြင့်မြတ်တော်မူသောဘုရားသခင်သည် ဘုရင်မင်းအားဖော်ပြတော်မူလေပြီ။ အိပ်မက်တော်နှင့်အနက်လည်း မှန်ကန်စွာတည်လိမ့်မည်ဟု ရှေ့တော်တွင်တင်လျှောက်လေ၏။ 46 ထိုအခါ နေဗုခဒ်နေဇာမင်းသည် ဒံယေလရှေ့ပြပ်ဝပ်ရှိခိုးပြီးလျှင် ပူဇော်သက္ကာနှင့်နံ့သာမျိုးများကို ဆက်ကပ်ကြစေရန်မိန့်ဆိုလျက်၊ 47 ဤကွယ်ဝှက်ရာကို ဆရာဖော်ပြနိုင်သည်ဖြစ်ပါ၍ ဆရာတို့ကိုးကွယ်သောဘုရားသခင်သည် ဘုရားထက်ဘုရား၊ ဘုရင်ထက်ဘုရင်၊ ကွယ်ဝှက်ရာများကို ထင်ရှားစေတော်မူသောအရှင် မုချဖြစ်တော်မူသည်ဟု ဒံယေလအားမြွက်ဆိုလေ၏။ 48 ထို့နောက် ဘုရင်မင်းသည် ဒံယေလကိုချီးမြှင့်၍ အဖိုးတန်ဆုတော်များစွာပေးလျက် ဗာဗုလုန်ပြည်နယ်ကိုအုပ်ချုပ်ရသောမင်းရာထူး၌လည်းကောင်း ဗာဗုလုန်ပညာရှိတို့အပေါင်းတွင် သုခမိန်ဝန်ရာထူး၌လည်းကောင်း ခန့်ထားလေ၏။ 49 ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကိုလည်း ဘုရင်မင်းမြတ်ထံဒံယေလတင်လျှောက်သည့်အတိုင်း ဗာဗုလုန်ပြည်နယ်တွင် အရေးပိုင်ရာထူး၌ခန့်ထားလေ၏။ ဒံယေလမူကား နန်းတော်ရှေ့တွင်နေရလေ၏။