ဒံယေလကျမ်း
1
ယုဒဘုရင်ယောယကိမ်မင်း နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာမင်းသည် ယေရုရှလင်မြို့သို့ချီတက်ဝန်းဝိုင်းထားရာ၊ ထာဝရဘုရားသည် ယုဒဘုရင်ယောယကိမ်မင်းနှင့်တကွ ဘုရားသခင်၏ဗိမာန်တော့်ဆိုင်ရာအသုံးအဆောင်အချို့အဝက်ကို ထိုမင်းလက်သို့အပ်နှင်းတော်မူသည့် အတိုင်း ရှိနာ့ပြည်ရှိကိုယ့်ဘုရားဗိမာန်သို့ယူဆောင်ပြီးလျှင် ၎င်းဗိမာန်အတွင်းဘဏ္ဍာတိုက်တွင် ထိုအသုံးအဆောင်တော်များကိုသွင်းထားလေ၏။
3-4 ထိုအခါ မိန်းမစိုးအုပ်အာရှပေနတ်အားဘုရင်မင်းက ဣသရေလအမျိုးသားမင်းမျိုးမင်းနွယ်နှင့်မှုးသားမတ်သားများတွင် ကြန်အင်မယွင်း၊ အဆင်းလှ၍၊ သိပ္ပံအတတ်အမျိုးမျိုးကိုလေ့လာ၊ အသိပညာ၊ အတတ်ပညာများကိုကျွမ်းကျင်နားလည်သဖြင့် နန်းတော်တွင်ခစားရန် တတ်စွမ်းနိုင်သောလူပျိုတော်တို့ကို ရွေးချယ်သွင်းထားပြီးလျှင် ခါလဒဲဗေဒင်အတတ်နှင့် ဘာသာစကားကိုသင်ကြားစေဟု အမိန့်ရှိသည့်ပြင်၊ သုံးနှစ်လွန်သောအခါ အပါးတော်တွင်ခစားရကြရန် ပွဲတော်စာနှင့်စပျစ်ရည်တော်မှ နေ့စဉ်တိုက်ကျွေးခြင်းငှာ စီမံလေ၏။ ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ထိုသူတို့အပါအဝင်ဖြစ်ကြ၏။ မိန်းမစိုးအုပ်သည် ဒံယေလအား ဗေလတရှာဇာဟူ၍လည်းကောင်း၊ ဟာနနိအား ရှာဒရက်ဟူ၍လည်းကောင်း၊ မိရှေလအား မေရှက်ဟူ၍လည်းကောင်း၊ အာဇရိအား အဗေဒနေဂေါဟူ၍လည်းကောင်း အသီးအသီးဘွဲ့အမည်ပေး၏။
ဒံယေလမူကား ပွဲတော်စာနှင့်စပျစ်ရည်တော်ဖြင့် ကိုယ်ကိုမသန့်အောင်မပြုရာဟုအကြံရှိ၍ မသန့်အောင်မပြုရစေရန် မိန်းမစိုးအုပ်ထံအခွင့်ပန်၏။ ဘုရားသခင်သည် ဒံယေလအားမိန်းမစိုးအုပ်ရှေ့တွင် သနားကရုဏာခံခွင့်ကို ပြုတော်မူ၍၊ 10 မိန်းမစိုးအုပ်ကလည်း သင်တို့အဖို့အစားအသောက်စီမံတော်မူသော၊ ငါ့သခင်ဘုရင်မင်းမြတ်ကို ငါကြောက်လှ၏။ သင်တို့သည် သက်တူရွယ်မျှသူလူပျိုတော်တို့ထက် ရှေ့တော်တွင် အဘယ့်ကြောင့်မျက်နှာညှိုးငယ်ရှိစေကြမည်နည်း။ ငါ၌ ဦးခေါင်းဖြတ်ဒဏ် ရာဇဝတ်သင့်မည်ကိုစိုးရိမ်သည်ဟု ဒံယေလအားပြန်ပြော၏။ 11 ထိုနောက် ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့အပေါ်တွင် မိန်းမစိုးအုပ်ခန့်ထားသောအကြီးအကဲအား ဒံယေလက၊ 12 ကျွန်တော်တို့အားစားသောက်ရန် အသီးအနှံနှင့်ရေကိုသာ ဆယ်ရက်ကြာပေး၍စမ်းပါ။ 13 နောင်ကျွန်တော်တို့မျက်နှာနှင့် ပွဲတော်စာမှစားကြသောလူပျိုတော်တို့၏မျက်နှာရည်ကို ရှုကြည့်၍ သခင်တွေ့မြင်သည့်အတိုင်း စီရင်ပါဟုလျှောက်ဆိုသော်၊ 14 အကြီးအကဲသည် ဝန်ခံလျက်ဆယ်ရက်ကြာပေး၍စမ်းလေ၏။ 15 ဆယ်ရက်ကြာသော် ထိုသူတို့သည် ပွဲတော်စာမှစားကြသောလူပျိုတော်တို့ထက် မျက်နှာရည်အဆင်းလှ၍ ဝဖြိုးသည်ကိုမြင်ရာ၊ 16 အကြီးအကဲသည် သူတို့သုံးဆောင်အပ်သောပွဲတော်စာနှင့်စပျစ်ရည်ကို ပြန်သိမ်း၍ အသီးအနှံမျှသာကျွေးမွေးလေ၏။ 17 ဘုရားသခင်သည် ထိုလူပျိုတော်လေးယောက်တို့အား ဉာဏ်ပညာ၊ ဗေဒင်အမျိုးမျိုးကိုလေ့လာသိကျွမ်းစေတော်မူ၍ ဒံယေလလည်း ဗျာဒိတ်ရူပါရုံအိပ်မက်​အမျိုးမျိုးကို နားလည်သောဉာဏ်နှင့်ပြည့်စုံ၏။
18 ရှေ့တော်သို့သွင်းဆက်ရန် ချိန်းချက်သောနေ့တိုင်သော် မိန်းမစိုးအုပ်သည်လူပျိုတော်တို့ကို နေဗုခဒ်နေဇာမင်းထံသွင်းဆက်ရာ၊ 19 ဘုရင်မင်းသည် ထိုသူတို့နှင့်မိန့်မြွက်ဆွေးနွေးလျှင် ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့်တူသောသူတစ်ယောက်မျှမတွေ့မရှိသောကြောင့် ထိုသူတို့သည် အပါးတော်တွင်ခစားခွင့်ရကြ၏။ 20 ဉာဏ်ပညာအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဘုရင်မင်းမေးစစ်သောအခါ နိုင်ငံတော်တစ်ဝှမ်းလုံး၌ ရှိသမျှသောဗေဒင်ဆရာ၊ မှော်ဆရာတို့ထက် ထိုသူတို့ဆယ်ဆတိုး၍တတ်ကြသည်ကို တွေ့သိရလေ၏။ 21 ဒံယေလကား ကုရုမင်းနန်းစံပထမနှစ်တိုင်မှီသတည်း။