10
သင်တို့နှင့်မျက်မှောက်ထင်ထင်ရှိနေစဉ် အောက်ကျို့သော်လည်း ကွဲကွာလျက်နေစဉ်မောက်မာသော ငါပေါလုကိုယ်တိုင်က ခရစ်တော်၏သိမ်မွေ့နူးညံ့တော်မူခြင်းကို ထောက်၍နှိုးဆော်သည်မှာ၊ ရုပ်ခန္ဓာအလျောက် ငါတို့ကျင့်ကြံကြသည်ဟု မှတ်ယူကြသူတို့တစ်ဘက် ရဲရင့်စွာဆုံးမမည့်အကြံအစည်အတိုင်းငါရောက်လာ၍ အမောက်အမာမပြုရစေခြင်းငှာ တောင်းပန်ပါ၏။ ငါတို့သည် ရုပ်ခန္ဓာ၌ကျင့်ကြံသော်လည်း ရုပ်ခန္ဓာအလျောက်တိုက်လှန်ကြသည်မဟုတ်။ ငါတို့တိုက်ပွဲ၌ ရုပ်ဆိုင်ရာလက်နက်များကိုမစွဲမကိုင်။ ခံတပ်များကိုဖြိုနိုင်ရန် ဘုရားသခင့်ရှေ့သတ္တိနှင့်ပြည့်စုံသော လက်နက်များကိုစွဲကိုင်လျက်၊ ဆွေးနွေးငြင်းခုန်ချက်များမှစ၍ ဘုရားသခင်နှင့်ကျွမ်းဝင်ခြင်းကိုကတုတ်သဖွယ် ဆီးတားလေရာရာ ဖြိုလဲခြင်း၊ ခရစ်တော့်အောက်လိုက်နာရန်အဖြစ် အကြံအစည်ရှိသမျှကိုသုံ့ဘမ်းခြင်းပြုသည့်ပြင် သင်တို့စုံလင်စွာလိုက်နာကြသည့်ကာလ၊ မလိုက်နာခြင်းအမျိုးမျိုးကို ဒဏ်စီရင်ရန်အသင့်ရှိနေကြ၏။ သင်တို့သည် မျက်မှောက်ရှိရာများကိုသာ ထောက်ရှုကြ၏။ မည်သူမဆို ခရစ်တော့်တပည့်ဖြစ်သည်ဟူ၍ စိတ်ချလျှင် ကိုယ်တိုင်ခရစ်တော့်တပည့်ဖြစ်သည့်နည်းတူ ငါတို့လည်းဖြစ်ကြောင်းဆင်ခြင်စေဦး။ သင်တို့ကိုဖြိုလှဲရန်မဟုတ်။ တည်ဆောက်ရန်အရှင်ဘုရားသနားတော်မူသည့် အခွင့်အာဏာနှင့်စပ်၍ ငါသည်တော်လွန်စွာဂုဏ်တင်မိလျှင် အရှက်ရမည်မဟုတ်။ သင်တို့ကိုငါ့စာများဖြင့် ချောက်လှန့်သည့်လက္ခဏာမရှိစေလို။ 10 သူ့စာများသည် အကြောင်းကြီးလျက် အာဏာပါသောစာဖြစ်သည်။ ကိုယ်တိုင်မူကား အားနည်းလျက် နုတ်ထွက်စကားလည်းအရေးယူဖွယ်မဟုတ်ဟု ဆိုသူသည်၊ 11 ကွဲကွာလျက်နေစဉ် ရေးလိုက်သောစာပါစကားအတိုင်းပင် ကိုယ်တိုင်လာစဥ် စီရင်မှုပြုကြောင်းသိမှတ်ပါစေ။ 12 ငါတို့သည် ကိုယ်ကိုထောက်ခံသူတို့နှင့် ကိုယ်တိုင်တွဲဘက်နှိုင်းယှဉ်ခြင်းမပြုဝံ့။ ထိုသူသည် ကိုယ့်ပမာဏဖြင့်ကိုယ်ကိုတိုင်းတာလျက် ကိုယ်နှင့်ကိုယ်ကိုနှိုင်းယှဉ်လျက် ဉာဏ်မဲ့ကြသည်တကား။ 13 ငါတို့မူကား ကိုယ့်ပမာဏထက်လွန်၍ ဂုဏ်တင်မည်မဟုတ်။ သင်တို့ကိုပင်မီအောင် ဘုရားသခင်ခန့်ထားတော်မူသော အတိုင်းအတာပမာဏနှင့်သာဂုဏ်တင်မည်။ 14 ငါတို့သည်သင်တို့ထံ မမှီတမှီကိုယ်နွှဲကြသည်မဟုတ်။ ခရစ်တော်၏သတင်းတော်မြတ်ကို ဦးစွာလာရောက်ပြောကြားသူကား ငါတို့ပင်တည်း။ 15-16 ကိုယ့်ပမာဏထက်လွန်၍ အခြားသူတို့လုပ်ဆောင်မှုအတွက် ကိုယ်ကိုဂုဏ်မတင်ကြ။ အခြားသူတို့အတိုင်းအတာတွင် ပြီးစီးမှုကြောင့်လည်းဂုဏ်မတင်ဘဲ သင်တို့ယုံကြည်ခြင်းတိုးပွားသည့်အလျောက် သင်တို့တစ်ဘက်ရှိပြည်နယ်များတွင် ကိုယ့်ကြီးပွားရာအတိုင်းအတာအလိုက် သတင်းတော်မြတ်ကိုကျယ်ဝန်းစွာ ဟောပြောခွင့်ရမည်ဟု မြော်လင့်ကြ၏။ 17-18 စံမီသူကား ကိုယ်ကိုထောက်ခံသူမဟုတ်။ ဘုရားသခင်ထောက်ခံသူဖြစ်သဖြင့် ဂုဏ်တင်လိုသူသည် ထာဝရဘုရားကြောင့်သာ ဂုဏ်တင်စေ။