9
1 ငါသည်လူလွတ်ဖြစ်သူ၊ တမန်တော်ဖြစ်သူ၊ ငါတို့အရှင်ယေရှုကိုဖူးမြင်ခဲ့ရသူ မဟုတ်လော။ သင်တို့လည်းအရှင်ဘုရားအားဖြင့် ငါဆောင်ရွက်သောအကျိုးမဟုတ်လော။
2 ငါသည် သူတစ်ထူးတို့အဖို့တမန်တော်မဟုတ်ဖြစ်စေဦးတော့။ အရှင်ဘုရားအားဖြင့်ခတ်နှိပ်သော တံဆိပ်သဖွယ်ဖြစ်သူသင်တို့အဖို့မူကား ဟုတ်မှန်၏။
3 စစ်ဆေးသူတို့အားငါထုချေချက်မှာ ထိုသို့ပင်တည်း။
4 ငါတို့သည် အစားအသောက်ရခွင့်မရှိကြလော။
5 အခြားတမန်တော်များ၊ အရှင်ဘုရားညီတော်များနှင့် ကေဖတို့နည်းတူတပည့်တော်မဖြစ်သောမယားပါ လှည့်လည်ခွင့်မရှိကြလော။
6 မလုပ်မကိုင်ဘဲနေခွင့်မရှိသူတို့မှာ ငါနှင့်ဗာနဗသာလော။
7 စစ်သည်သည် ကိုယ့်စရိတ်နှင့်အမှုထမ်းရသလော။ စပျစ်ခြံစိုက်ပျိုးသူသည် အသီးမစားဘဲနေရသလော။ သိုးဆိတ်ထိန်းကျောင်းသူသည် နို့ကိုမသုံးဆောင်ဘဲနေရသလော။
8 လူ့အလိုက်သာမက ပညတ္တိကျမ်းလည်း ထိုသို့အဆိုရှိသည်မဟုတ်လော။
9 စပါးနင်းနယ်သောနွားကို ပါးချုပ်တပ်၍မထားရဟု မောရှေ၏ကျမ်းတွင်ပါရှိ၏။ ဘုရားသခင်သည် နွားများကိုဂရုစိုက်တော်မူသလော။
10 ငါတို့ကိုရည်၍ ထိုသို့ဗျာဒိတ်ရှိတော်မူသလော။ လယ်ထွန်သူ၊ စပါးနယ်သူတို့သည် အကျိုးဆက်ကိုမျှော်လင့်လျက် လုပ်သင့်သည်ကိုထောက်၍ ငါတို့အတွက်ရေးထားလေပြီ။
11 ငါတို့သည် နာမ်ခန္ဓာဆိုင်ရာများကို သင်တို့အဖို့စိုက်ပျိုးကြသည်မှန်လျှင် ရုပ်ခန္ဓာဆိုင်ရာများကို သင်တို့ထံမှရိတ်သိမ်းသော် လွန်မည်လော။
12 သူတစ်ထူးတို့သည် သင်တို့ထံမှခံယူခွင့်ရှိကြလျှင် ငါတို့သည်သာ၍ခံယူထိုက်သည်မဟုတ်လော။ သို့ရာတွင် ထိုအခွင့်ကိုမသုံးဘဲ ခရစ်တော်၏သတင်းတော်မြတ်၌ အကန့်အကွက်မရှိစေရန် အကုန်ခံလျက်နေကြ၏။
13 အမှုတော်ကိုဆောင်ရွက်သူတို့သည် ဗိမာန်တော့်ဆိုင်ရာများကို သုံးဆောင်ခွင့်ရကြကြောင်း၊ ပူဇော်ရာပလ္လင်တော့်ဝတ်ကိုပြုသူတို့လည်း ပလ္လင်တော်နှင့်ဖက်စပ်သုံးဆောင်ခွင့်ရကြကြောင်း သင်တို့မသိကြလော။
14 ထိုနည်းတူပင် သတင်းတော်မြတ်ကိုကြော်ငြာသူတို့သည် ထိုသတင်းတော်အားဖြင့်အသက်မွေးခွင့်ရစေရန် အရှင်ဘုရားစီမံတော်မူ၏။
15 သို့ရာတွင်ငါသည် ထိုသို့သောအခွင့်ကိုမသုံး၊ သုံးလို၍လည်းဤသို့ရေးလိုက်သည်မဟုတ်။ ငါဂုဏ်ရောက်ခွင့်ကို တစ်ယောက်ယောက်ပယ်ဖျက်သည်ထက် ငါသေသော်ကောင်းလိမ့်မည်။
16 သတင်းတော်မြတ်ကိုငါကြားပြောသော်လည်း ဂုဏ်ရောက်ခွင့်မရှိသေး။ တာဝန်ခံရသည့်အလျောက် မကြားမပြောဘဲနေလျှင် အမင်္ဂလာရှိ၏။
17 အလိုအလျောက်ငါကြားပြောလျှင် အကျိုးရှိလိမ့်မည်။ အလိုအလျောက်မဟုတ်က ဘဏ္ဍာစိုးရာထူး ခံရသူဖြစ်၏။
18 သို့ဖြစ်လျှင် ငါ့အကျိုးကားမည်သို့နည်း။ သတင်းတော်မြတ်အားဖြင့်ရသောအခွင့်ကိုမသုံးဘဲ ထိုသတင်းတော်မြတ်ကိုအကုန်အကျခံလျက် ကြားပြောခွင့်တည်း။
19 ငါသည်ရှိသမျှတို့ရှေ့ လူလွတ်ဖြစ်သော်လည်း အများတို့ကိုရခြင်းငှာ လူခပ်သိမ်းတို့ထံကျွန်ခံလေပြီ။
20 ယုဒလူမျိုးတို့ကိုရခြင်းငှာ ထိုသူတို့ရှေ့ယုဒလူမျိုးအဖြစ် ပညတ်တရားအောက်နေသူမဟုတ်သော်လည်း ပညတ်တရားအောက်နေသူတို့ကိုရခြင်းငှာ ထိုသူတို့ရှေ့ပညတ်တရားအောက်နေသူအဖြစ် ဘုရားသခင့်ရှေ့ တရားမဲ့သူမဟုတ်။
21 ခရစ်တော့်တရားအောက်နေသူဟုတ်သော်လည်း တရားမဲ့သူတို့ကိုရခြင်းငှာ ထိုသူတို့ရှေ့ တရားမဲ့သူအဖြစ်၊
22 နုန့်နဲ့သူတို့ကိုရခြင်းငှာ ထိုသူတို့ရှေ့နုန့်နဲ့သူအဖြစ်နေလျက် တစ်နည်းနည်းအားဖြင့်အချို့တို့ကိုရခြင်းငှာ အမျိုးမျိုးတို့ရှေ့ အမျိုးမျိူးအဖြစ်နေခဲ့လေပြီ။
23 ငါသည်သတင်းတော်မြတ်အကျိုးကို ဆက်ဆံခွင့်ရရန်လည်း ထိုသတင်းတော်အတွက်အရာရာကိုပြု၏။
24 ပြေးတာဝင်သူတိုင်းပြေးသော်လည်း၊ တစ်ယောက်သာဆုရသည်ကိုမသိကြလော။ ထိုအတိုင်းရခြင်းငှာ ပြေးကြလော့။
25 ပြိုင်ပွဲဝင်သူတိုင်းလည်း ပျက်စီးသောသရဖူကိုရခြင်းငှာ အရာရာ၌ခြိုးခြံတတ်၏။ ငါတို့မူကားမပျက်စီးသောသရဖူကို ရခြင်းငှာတည်း။
26 ထိုနည်းတူ ငါသည်ယိမ်းယိုင်လျက်ပြေးခြင်း၊ လေကိုထိုးမိလျက်သတ်ခြင်းမပြုဘဲ အခြားသူတို့အားဟောပြောပြီးနောက်၊
27 ကိုယ်တိုင်ထုတ်ပယ်ခံရမည်စိုး၍ ငါ့ခန္ဓာကိုထုသတ်လျက် နှိမ်နှင်းတတ်သတည်း။