7
1 သင်တို့လျှောက်စာပါအကြောင်းအရာများကို ရည်လျက်ဆိုဦးအံ့။ ယောက်ျားသည် မိန်းမနှင့်မဆက်ဆံဘဲနေသော်ကောင်း၏။
2 သို့ရာတွင်မတရားသောမေထုန်မှုဖြစ်တတ်သည်ကိုထောက်၍ ယောက်ျားအသီအးသီး၌မယား၊ မိန်းမအသီးအသီး၌လင်ရှိစေလော့။
3 လင်သည်မယားအားပြုသင့်ရာဝတ်ကိုလည်းကောင်း၊ မယားသည်လင်အားပြုသင့်ရာဝတ်ကိုလည်းကောင်း ပြုကြစေ။
4 မယားသည် ကိုယ့်ခန္ဓာကိုကိုယ်မပိုင်၊ လင်သာပိုင်၏။ လင်လည်း ကိုယ့်ခန္ဓာကိုကိုယ်မပိုင်၊ မယားသာပိုင်၏။
5 သဘောတူလျက် တစ်ဖန်ပေါင်းသင်းမည့်အကြံနှင့် ခေတ္တအတွင်းပဌနာပြုခွင့်ရအံ့သောငှာမှတစ်ပါး မချုပ်တည်းနိုင်က စာတန်စုံစမ်းမည်စိုး၍ အချင်းချင်းဝတ်ကိုမလွှဲမရှောင်ကြနှင့်။
6 အထက်စကားများကိုပညတ်ထားသည်မဟုတ်၊ အကြံပေး၍ငါပြောဆို၏။
7 လူခပ်သိမ်းကို ငါ့ကိုယ်တိုင်ကဲ့သို့နေစေလိုသော်လည်း အသီးအသီးတို့သည် ဘုရားသခင့်အထံတော်မှ ဆိုင်ရာဆုကျေးဇူးတော်ကို အချို့တစ်နည်း၊ အချို့တစ်ပုံခံစားရကြလေပြီ။
8 မယားမရှိသူတို့နှင့် မုဆိုးမတို့အားငါဆိုသည်မှာ ငါကဲ့သို့နေကြလျင်ကောင်း၏။
9 သို့ရာတွင်အိမ်ထောင်ပြုခြင်းသည် ပူလောင်ခြင်းထက်ကောင်းသည်ဖြစ်၍ မချုပ်တည်းနိုင်လျင် အိမ်ထောင်ပြုကြစေ။
10 ခင်ပွန်းရှိသူတို့အားငါဆင့်ဆိုရာတွင် ငါမဟုတ်၊ အရှင်ဘုရားမိန့်မှာတော်မူသည်ကား မယားသည်လင့်ထံမှ မခွာမသွားစေနှင့်။
11 ခွာမိလျှင်မူကား အိမ်ထောင်မပြုဘဲနေစေ။ သို့မဟုတ် လင့်ထံပြန်စေ။
12 လင်လည်းမယားကို မကွာစေနှင့်။ ကြွင်းသူတို့အား အရှင်ဘုရားမဟုတ်၊ ငါဆိုသည်ကားညီအစ်ကို တစ်ဦး၌မယုံကြည်သောမယားရှိရာ ထိုမိန်းမသည်အတူ နေထိုင်ရန်သဘောရှိလျှင် မကွာစေနှင့်။
13 မိန်းမတစ်ဦး၌လည်း မယုံကြည်သောလင်ရှိရာ ထိုယောက်ျားသည်အတူနေထိုင်ရန်သဘောရှိလျှင် မကွာစေနှင့်။
14 အသို့ဆိုသော် မယုံကြည်သောလင်သည် မယားအားဖြင့်လည်းကောင်း၊ မယုံကြည်သောမယားသည် ထိုညီအစ်ကိုအားဖြင့်လည်းကောင်း၊ သီးသန့်ရာရောက်ပြီ။ အကယ်၍မဟုတ်လျှင် သင်တို့၏သားသမီးများသည် ယခုကဲ့သို့သီးသန့်ရာမရောက်ဘဲ မသန့်ရာအဖြစ်နေကြလေပြီ။
15 သို့ရာတွင် ထိုသို့သောအမှုမျိုးနှင့်စပ်၍ ညီအစ်ကိုဖြစ်စေ၊ ညီအစ်မဖြစ်စေ၊ ချဥ်နှောင်ြခင်းမရှိသောကြောင့် မယုံကြည်သူကွာသွားလိုလျှင် ကွာသွားစေ။ ဘုရားသခင်သည် ငါတို့ကို ငြိမ်သက်ခြင်း၌ ခေါ်ထားတော်မူပြီ။
16 အချင်းမယားဖြစ်သူ၊ လင်ကိုသင်ကယ်တင်မည်၊ မကယ်တင်မည်ကို မည်သို့သိနိုင်သနည်း။ အချင်းလင်ဖြစ်သူ၊ မယားကိုသင်ကယ်တင်မည်၊ မကယ်တင်မည်ကို မည်သို့သိနိုင်သနည်း။
17 ထိုမှတစ်ပါး အသင်းတော်ရှိသမျှအားငါစီမံသည်မှာ လူအသီးအသီးသည်အရှင်ဘုရား ဝေငှတော်မူသောအဖြစ်အနေ ဘုရားသခင်ခေါ်ထားတော်မူရင်းအဖြစ်အနေ၌ ရှောက်လိုက်စေ။
18 လှီးဖြတ်ခြင်းမင်္ဂလာခံပြီးအဖြစ်အနေ၌ ခေါ်ထားတော်မူသလော။ ထိုမင်္ဂလာလက္ခဏာကို မပျက်စေနှင့်။ ထိုမင်္ဂလာမဲ့အဖြစ်အနေ၌ ခေါ်ထားတော်မူသလော။ မခံစေနှင့်။
19 ထိုမင်္ဂလာရှိခြင်းမရှိခြင်းသည် ပဓာနမဟုတ်၊ ဘုရားသခင့်ပညတ်တော်များကို စောင့်ရှောက်ခြင်းသာ ပဓာနဖြစ်၏။
20 အသီးအသီးသည် ခေါ်ထားတော်မူရင်းအဖြစ်အနေ၌ တည်နေစေ။
21 ကျွန်အဖြစ်၌ခေါ်ထားတော်မူသလော။ အရေးမယူနှင့်။ လွတ်ခွင့်ရရှိလျှင်သာ ခံယူတော့။
22 အရှင်ဘုရား၌ ခေါ်ထားတော်မူသောကျွန်သည် အရှင်ဘုရား၏လူလွတ်ဖြစ်၏။ ထိုနည်းတူခေါ်ထားတော်မူသောလူလွတ်သည် ခရစ်တော်၏ကျွန်ဖြစ်၏။
23 သင်တို့ကိုအဖိုးနှင့်ဝယ်ယူတော်မူသဖြင့် လူတို့အောက်ကျွန်မခံကြနှင့်။
24 ညီအစ်ကိုတို့၊ အသီးအသီးသည် ခေါ်ထားတော်မူရင်းအဖြစ်အနေ၌ ဘုရားသခင့်အပါးတော်တွင် တည်နေစေ။
25 သမီးကညာဖြစ်သူတို့နှင့်စပ်၍ ငါ၌အရှင်ဘုရား၏အမိန့်ေတာ်မရှိသော်လည်း အရှင်ဘုရားထံကရုဏာတော်ကို ခံစား၍ သစ္စာစောင့်သူအဖြစ်ငါအကြံပေးသည်မှာ ယခုသင့်အံ့ဆဲဒုက္ခကိုထောက်၍၊
26 လူတိုင်း ရှိရင်းအဖြစ်အနေ၌နေသင့်သည်ဟု ငါထင်မှတ်သတည်း။
27 မယားနှင့်ချည်နှောင်လျက် ရှိသလော။ လွတ်ခွင့်မရှာနှင့်။ လွတ်ကင်းလျက်ရှိသလော။ မယားမရှာနှင့်။
28 သင်သည်အိမ်ထောင်ပြုလျှင်မူကား အပြစ်ရှိသည်မဟုတ်။ သမီးကညာလည်းအိမ်ထောင်ပြုလျှင် အပြစ်မရှိ။ သို့ရာတွင် ထိုသို့ပြုသောသူတို့၌ ကာယဒုက္ခရောက်လိမ့်မည်။ ငါသည်သင်တို့ကို ဒုက္ခမရောက်စေလို။
29-31 ညီအစ်ကိုတို့၊ ဤလောကအဆင်းသဏ္ဌာန်ပပျောက်၍ ေခတ်ကာလကျုံ့လှပြီဖြစ်သောကြောင့် မယားရှိသူတို့သည်မရှိသကဲ့သို့လည်းကောင်း၊ ငိုကြွေးသူတို့သည်မငိုကြွေးသကဲ့သို့ လည်းကောင်း၊ ရွှင်လန်းသူတို့သည် မရွှင်လန်းသကဲ့သို့လည်းကောင်း၊ ဝယ်ချမ်းသူတို့သည်လက်မဲ့သကဲ့သို့လည်းကောင်း၊ ဤလောကဆိုင်ရာအသုံးပြုသူတို့သည် အသုံးမကြူးသကဲ့သို့လည်းကောင်း ယခုမှစ၍ရှိနေကြရမည်။
32 သင်တို့ကို ကြောင့်ကြရန်အကြောင်းများနှင့်ကင်းလွတ်စေလို၏။ မယားမရှိသူသည် အရှင်ဘုရားစိတ်တော်နှင့်တွေ့ေစရန် အရှင်ဘုရားဆိုင်ရာအမှုအရေးများကိုသာ ကြောင့်ကြတတ်၏။
33 မယားရှိသူမူကား မယားစိတ်နှင့်တွေ့စေရန်၊ ဤလောကဆိုင်ရာအမှုအရေးများကိုလည်း ကြောင့်ကြလျက်ဒွိဟရှိ၏။
34 ထိုနည်းတူ လင်မရှိသောမိန်းမနှင့်သမီးကညာတို့သည် ကိုယ်စိတ်နှစ်ပါးသန့်ရှင်းစေရန် အရှင်ဘုရားဆိုင်ရာအမှုအရေးများကိုသာ ကြောင့်ကြတတ်၏။ လင်ရှိသောမိန်းမမူကား လင့်စိတ်နှင့်တွေ့စေရန် ဤလောကဆိုင်ရာအမှုအရေးများကိုလည်း ကြောင့်ကြတတ်ကြ၏။
35 ထိုသို့ဆိုသော် သင်တို့ကိုထောင်ဖမ်းရန်မဟုတ်။ သင့်လျော်စွာပြုကျင့်၍ အနှောင့်အရှက်မရှိဘဲ အရှင်ဘုရားကိုခစားခွင့်ရကြစေရန် သင်တို့အကျိုးငှာငါဆို၏။
36 သို့ရာတွင် အဘဖြစ်သူသည်အရွယ်ဟိုင်းလျက် စိုးရိမ်မကင်းသောသမီးကညာနှင့်စပ်၍ အလွန်အကျူးကန့်ကွက်မိသည်ဟုထင်မှတ်လျှင် ကိုယ့်သဘောအတိုင်းစီရင်စေ။ ပြစ်မှားသည်မဟုတ်။ အိမ်ထောင်ပြုခွင့်ပေးစေ။
37 စိုးရိမ်ရန်ကင်းလျက် ကိုယ့်သဘောအတိုင်းပြုနိုင်ခွင့်ရှိသည့်အလျောက် စိတ်တည်တံ့မြဲမြံလျက် သမီးကညာကိုထားမည်ဟုပြဌာန်းလျှင်မူကား သင့်လျော်စွာပြု၏။
38 သို့ဖြစ်၍ သမီးကညာကိုပေးစားသူသည် သင့်လျော်စွာပြု၏။ မပေးစားသူမူကား သာ၍ပြုသတည်း။
39 မယားဖြစ်သူသည် လင်အသက်ရှင်သမျှကာလအတွင်း ချည်နှောင်လျက်ရှိ၏။ လင်သေလျှင်မူကား အရှင်ဘုရား၌ဖြစ်က အလိုရှိသူနှင့်အိမ်ထောင်ပြုရန်လွတ်လေပြီ။
40 သို့ရာတွင် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိလိမ့်မည်ဟု ငါသဘောကျ၏။ ငါသည်ဘုရားသခင့်ဝိညာဉ်တော်ရရှိသူဖြစ်ကြောင်း ထင်မှတ်လေ၏။