အာမုတ်ကျမ်း
1
ယုဒဘုရင်ဩဇိမင်းလက်ထက်နှင့်၊ ယာရှမင်းသားတော် ဣသရေလ ဘုရင် ယေရောဗောင်မင်းလက်တို့ထက်၊ ငလျင်မလှုပ်မီနှစ်နှစ်တွင်၊ ဣသရေလပြည်ကို ရည်လျက်၊ တေကောရွာနေသိုးထိန်းတို့အပါအဝင်ဖြစ်သူအာမုတ်မြော်မြင်ဟောပြောချက်မူကား၊
ထာဝရဘုရားသည် ဇိအုန်တောင်ယေရုရှလင်မြို့မှ၊ တစ်ခြိမ်းခြိမ်းဟုန်းတော်မူသဖြင့်၊ ထိန်းကျောင်းရာစားကျက်များသည် မြည်တမ်းလျက်၊ ကရမေလတောင်ထိပ် လည်းသွေ့ခြောက်လျက်ရှိလိမ့်မည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ၊ ဂိလဒ်နယ်ကို သံစက်နှင့် နင်းနယ်သော၊ ဒမာသက်ပြည်၏ လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက်ခံသင့်ဒဏ်ကို ငါမပလပ်စေဘဲ၊ ဗင်္ဟာဒဒ်မင်း၏ နန်းဆောင်များကျွမ်းရန်မီးကို၊ ဟာေဇလနန်းဆက်သို့စေလွှတ်သည့်ပြင်၊ ဒမာသက်မြို့မင်းထုပ်ကို ချိုးဖြတ်လျက်၊ အာဝင်ချိုင့်တွင်စံနေသူနှင့် ဗေဧဒင်မြို့၌ ရာဇလှံတံစွဲကိုင်သူ့ကို၊ ပယ်ရှားမည့်အတိုင်း၊ ရှုရိပြည်သူပြည်သားတို့သည်၊ ကိရ ပြည်သို့သိမ်းသွားခံရကြလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ မြို့လုံးကျွတ်သိမ်းသွား၍၊ ဧဒုံလူမျိုးသို့အပ်နှင်းလေ့ရှိသော၊ ဂါဇမြို့၏လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက် ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ ဂါဇနန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ ထိုမြို့ရိုးသို့စေလွှတ်မည့်ပြင်၊ အာဇုတ်မြို့စံနေသူနှင့်၊ အာရှကေလုန်မြို့၌ ရာဇလှံတံစွဲကိုင်သူ့ကိုပယ်ရှားလျက်၊ ဧကြုန်မြို့ပေါ်တွင် လက်တော်တင်ဖိမည့်အတိုင်း၊ ဖိလိတ္တိအကြွင်းအကျန်တို့သည် ပျက်စီးကြရလတ္တံ့ဟု၊ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရား မိန့်တော်မူပြန်သည်မှာ၊ အမျိုးသားတို့ဖွဲ့သော မဟာမိတ်ကို သတိမမူဘဲ၊ ဧဒုံလူမျိုးသို့ မြို့လုံးကျွတ်အပ်နှင်းလေ့ရှိသော၊ တုရုမြို့၏လွန်ကျူးမှုသုံးမျိုး မက၊ လေးမျိုးအလျောက်ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ 10 တုရုနန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ ထိုမြို့ရိုးသို့စေလွှတ်မည်ဟုမိန့်တော်မူ၏။
11 ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ဆွေခန်းမျိုးခန်းဖြတ်၍၊ အစဉ်မျက်မာန်ရှလျက်၊ အမြဲအမျက်ထွက်လျက်၊ သားချင်းကိုဓားဖြင့်လိုက်လံသော၊ ဧဒုံလူမျိုး၏ လွန်ကျူးမှုသုံးမျိုးမက၊ လေးမျိုးအလျောက်ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ 12 ဗောဇရမြို့နန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ တေမန်နယ်ကိုစေလွှတ်မည်ဟုမိန့်တော်မူ၏။
13 ထာဝရဘုရားမိန့်တော်မူပြန်သည်မှာ၊ ပြည်နယ်ကိုကျယ်ဝန်းရန်အကြံနှင့်၊ ဂိလဒ်နယ်သူ ကိုယ်ဝန်ဆောင်မိန်းမများကိုခွဲဖောက်လေ့ရှိသော၊ အမ္မုန်အမျိုးသားတို့၏ လွန်ကျူးမှု သုံးမျိုးမက၊ လေးမျိုးအလျောက်ခံသင့်ဒဏ်ကို၊ ငါမပလပ်စေဘဲ၊ 14 စစ်ပွဲနေ့၌ အောင်သံလွှင့်ခြင်း၊ လေဗွေဝှေ့သော နေ့၌မုန်တိုင်းကျခြင်းနှင့်တကွ၊ ရဗ္ဗာနန်းဆောင်များကျွမ်းလောင်ရန်မီးကို၊ ထိုမြို့ရိုး၌ မွေးမည့်အတိုင်း၊ 15 ဘုရင်မင်းသည်၊ မှူးမတ်တို့ပါ၊ သိမ်းသွားခံရလတ္တံ့ဟု၊ ထာဝရဘုရားမိန့်တော်မူ၏။