4
1-2 လူပရိသတ်အား ထိုသို့ဟောပြောကြစဉ် မြို့သူမြို့သားတို့ကိုဒေသနာပေးလျက် သူသေတို့အထဲမှ ယေရှုရှင်ပြန်ထမြောက်ကြောင်း တမန်တော်တို့ကြော်ငြာကြသည်ကို မနှစ်သက်သော ဗိမာန်တော်မဟာဒါန်ဝန်မှစသော ပရောဟိတ်နှင့်ဇဒ္ဒုကဲတို့သည် လာရောက်၍ဖမ်းဆီးပြီးလျှင်၊
3 ညဉ့်ဦးယံဖြစ်သည်နှင့် နံနက်တိုင်ချုပ်ထားကြ၏။
4 ဒေသနာကိုကြားနာသူအများယုံကြည်၍ ပါဝင်သူများကား ယောက်ျားငါးထောင်ခန့်ဖြစ်လာသတည်း။
5-6 နောက်နေ့၌ အရာရှိများ၊ လူကြီးများ၊ ကျမ်းတတ်ဆရာများတို့သည် ပရောဟိတ်မင်းအန္နတ်၊ ကာယဖ၊ ယောဟန်၊ အာလေဇန္ဒြူစသော ပရောဟိတ်မင်း၏ဆွေမျိုးသားချင်းရှိသမျှပါ ယေရုရှလင်မြို့တွင်စုရုံးလျက်၊
7 တမန်တော်တို့ကိုအလယ်တွင်ထားပြီးလျှင် သင်တို့သည်မည်သည့်တန်ခိုး၊ မည်သူ့နာမအားဖြင့်၊ ဤသို့ပြုသနည်းဟုမေးကြသော်၊
8 ပေတရုသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်လျက်၊
9 လူမျိုးတော်တို့တွင်အရာရှိနှင့်လူကြီးတို့၊ မစွမ်းမသန်သူအား ကျေးဇူးပြုခြင်းနှင့်စပ်၍ ထိုသူမည်သို့ကယ်မခံရကြောင်း ယနေ့ငါတို့အစစ်ခံရလျှင်၊
10 သင်တို့ရှိသမျှနှင့် ဣသရေလတစ်မျိုးလုံးသိစေလိုသည်မှာ သင်တို့ကားတင်ကြရာ သူသေတို့အထဲမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူသော နာဇရက်မြို့သားယေရှုခရစ်၏နာမတော်အားဖြင့် သင်တို့ရှေ့ ဤသူသန်မာလျက်ရပ်နေ၏။
11 ထိုယေရှုကား တိုက်တည်ဆောက်သူ သင်တို့ပယ်ထားသော ထောင့်စွန်းကျောက်တည်း။
12 အခြားမည်သူ၌မျှ ကယ်တင်ခြင်းမတည်၊ ကယ်တင်တော်မူခြင်းကိုငါတို့ခံရစေရန် ကောင်းကင်အောက်လူ့ဘောင်တွင် ထိုနာမမှတစ်ပါးအခြားနာမကိုသနားတော်မမူဟု ပြန်ဆို၏။
13 ပညာရှိကျမ်းတတ်မဟုတ်ကြောင်း ထိုသူတို့သိသဖြင့် ပေတရုနှင့် ယောဟန်တို့ရဲရင့်ခြင်းကိုမြင်သော် အံ့သြလျက်၊ ယေရှုနှင့်လိုက်ပါသူဖြစ်သည်ကိုမှတ်မိကြ၏။
14 အနာကင်းပျောက်သူလည်း တမန်တော်တို့နှင့်ရပ်နေသည်ကိုမြင်သဖြင့် ငြင်းဆိုခြင်းမပြုနိုင်ကြချေ။
15 ထိုအခါ တမန်တော်တို့ကိုလွှတ်တော့်အပြင်ထွက်နေစေရန် အမိန့်ပေးပြီးသော်၊
16 ဤသူတို့ကိုမည်သို့ပြုလုပ်ကြအံ့နည်း။ မှတ်သားဖွယ်နိမိတ်လက္ခဏာကိုပြကြကြောင်း၊ ယေရုရှလင်မြို့သူမြို့သားတို့ရှေ့ ထင်ရှားသည်နှင့် ငါတို့မငြင်းမဆိုနိုင်ကြ။
17 သို့သော်ပြည်သူပြည်သားတို့၌ တိုးတက်မနှံ့မပြားစေရန် ယခုမှစ၍မည်သူ့အားမျှထိုနာမနှင့် မဟောမပြောရဟု ခြိမ်းချောက်ကြကုန်အံ့ဟူ၍ အချင်းချင်းတိုင်ပင်ပြီးလျှင်၊
18 တမန်တော်တို့ကိုခေါ်သွင်းလျက် ယေရှု၏နာမနှင့်ဟောပြောသွန်သင်ခြင်းအလျှင်းမရှိစေရန် မြစ်တားကြ၏။
19 သို့ရာတွင် ပေတရုနှင့်ယောဟန်တို့က ဘုရားသခင့်ဗျာဒိတ်တော်ထက် သင်တို့စကားကိုနာယူသော် ဘုရားသခင့်ရှေ့ သင့်မသင့်ဆုံးဖြတ်ကြလော့။
20 ငါတို့မူကား ကြားခဲ့မြင်ခဲ့ရာများကိုမဟောဘဲမနေနိုင်ဟု ပြန်ဆိုကြ၏။
21-22 ထိုအခါ အသက်လေးဆယ်ကျော်ရှိသူခံရသော အနာကင်းပျောက်ခြင်းနိမိတ်လက္ခဏာအတွက် မြို့သူမြို့သားခပ်သိမ်းတို့သည်ဘုရားသခင့်ဘုန်းတော်ကို ချီးမွမ်းကြသောကြောင့် တမန်တော်တို့အပေါ်တွင်မည်သို့ပြစ်ဒဏ်စီရင်ရန်မရသည်နှင့် ထပ်မံခြိမ်းချောက်ပြီးလျှင်လွှတ်လိုက်ကြ၏။
23 လွှတ်ပြီးနောက်တမန်တော်တို့သည် ကိုယ့်အပေါင်းအဖော်ရှိရာသို့သွား၍ ပရောဟိတ်ကြီးနှင့် လူကြီးတို့ပြောသမျှကိုပြန်ဆိုကြသော်၊
24 ကြားရသူတို့သည် ဘုရားသခင့်ထံတညီတညွတ်တည်းဟစ်ကြသည်မှာ အိုသခင်ဘုရား၊ ကိုယ်တော်သည် မိုးမြေရေနှင့်ပါရှိသမျှကိုဖန်ဆင်းတော်မူသော ဘုရားသခင်ပေတည်း။
25 သန့်ရှင်းသောဝိညာဉ်တော်သွန်သင်သည့်အလျောက် ကျွန်တော်ရင်းဖြစ်သူ အကျွန်ုပ်တို့အဘဒါဝိဒ်မင်းနှုတ်ဖြင့် မည်သည့်အကြောင်းကြောင့်လူမျိုးခြားတို့ရုန်းရင်းခတ်ပြု၍ လူအမျိုးမျိုးတို့ အချည်းနှီးကြံစည်ကြသနည်း။
26 ထာဝရဘုရားနှင့် ၁ 4.26 ပါဠိ။ ခရစ်ေတာ်။ ဘိသိက်တော်ခံမင်းတစ်ဘက်၌ မြေကြီးဘုရင်တို့ထကြွ၍ အရာရှိတို့စုရုံးကြသည်ဟု ဗျာဒိတ်ပေးတော်မူခဲ့သည်နှင့်အညီ မုချဤမြို့တော်တွင်၊
27-28 ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းတို့သည် လူမျိုးခြားနှင့်ဣသရေလလူမျိုးတို့ပါ လက်ရုံးတော်၊ အကြံတော်များဖြင့် ကိုယ်တော်တင်ရင်ပြဌာန်းတော်မူပြီးသည့်အလျောက်ပြုမူရန် ဘိသိက်တော်ခံသန့်ရှင်းသူ ကျွန်တော်ရင်း ယေရှုတစ်ဘက်၌စုရုံးကြပါပြီ။
29-30 ယခုမှာ အရှင်ဘုရား၊ ချင်းတို့ခြိမ်းချောက်ချက်များကို ရှုကြည့်တော်မူလျက် သန့်ရှင်းသူ ကျွန်တော်ရင်းယေရှု၏နာမတော်ဖြင့် အနာကင်းပျောက်၍ အံ့ဖွယ်ရာနိမိတ်လက္ခဏာများဖြစ်စေခြင်းငှါ လက်ရုံးတော်ဆန့်သည့်ပြင်၊ ရဲရင့်စွာတရားတော်ဟောပြောခွင့်ကို ကျွန်တော်မျိုးတို့အား သနားတော်မူပါဟူ၍တည်း။
31 ဤပဌနာအဆုံး၌ စည်းဝေးရာအရပ်တုန်လှုပ်၍ ရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်လျက် ဘုရားသခင့်တရားတော်ကိုရဲရင့်စွာ ဟောပြောကြ၏။
32 ယုံကြည်သူအသင်းအပင်းသည် တစ်စိတ်တစ်သဘောတည်းရှိ၍ တစ်ဦးတစ်ယောက်မျှ လက်ရှိပစ္စည်းကို ကိုယ်ပိုင်ဟူ၍မဆိုဘဲ ပိုင်သမျှကိုဘုံပစ္စည်းပြုကြ၏။
33 တမန်တော်တို့လည်း အရှင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းကို ရဲစွမ်းသောအာဏာနှင့် သက်သေခံကြသည့်ပြင် ရှိသမျှတို့အပေါ်တွင်ကြီးစွာသောကျေးဇူးတော်တည်၏။
34-35 မြေပိုင်၊ အိမ်ပိုင်ရှိသူဟူသမျှတို့သည် ရောင်းချပြီးလျှင် ရငွေကိုယူခဲ့၍ တမန်တော်တို့ခြေရင်းတွင်စုပုံလျက် အသီးအသီးလိုသည့်အလျောက်ဝေငှပေးကမ်းကြသဖြင့် နွမ်းပါး သူတစ်ယောက်မျှမရှိချေ။
36 ထိုအခါ နှိုးဆော်ခြင်း၏သားဟုဆိုလိုသော ဗာနဗအမည်သစ်ဖြင့်တမန်တော်တို့မှည့်သူ ကုပရုလူမျိုး၊
37 လေဝိဂိုဏ်းသားယောသပ်သည် ကိုယ့်ပိုင်လယ်ကိုရောင်းချပြီးလျှင် ရငွေကိုယူလာလျက် တမန်တော်တို့ခြေရင်းတွင် ပုံထားလေ၏။