3
ပဌနာပြုရာအချိန်၊ မွန်းလွဲသုံးနာရီတွင် ပေတရုနှင့်ယောဟန်သည် ဗိမာန်တော်သို့တက်ကြစဉ်၊ ဗိမာန်တော်ဝင်သူတို့ထံ အစွန့်အကြဲခံစေခြင်းငှါ တင့်တယ်ခေါ်ဗိမာန်တော့်တံခါးအနီး နေ့တိုင်းချထားလေ့ရှိသော ဝမ်းတွင်းပါခြေဆွံ့တစ်ယောက်ကို ထမ်းလာကြသဖြင့်၊ ထိုသူသည် ဗိမာန်တော့်အတွင်းဝင်အံ့ဆဲဖြစ်သော ပေတရုနှင့်ယောဟန်ကိုမြင်သည့်ကာလ အစွန့်အကြဲခံရန်တောင်းလေ၏။ ထိုအခါပေတရုသည် ယောဟန်နှင့်တကွစိန်းစိန်းကြည့်လျက် ငါတို့ကိုကြည့်လော့ဟုဆိုရာ၊ ထိုသူသည် တစ်စုံတစ်ခုရမည်ထင်မှတ်၍ ကြည့်ေမျှာ်လျက်နေစဉ်၊ ပေတရုက ငါ၌ရွှေငွေမရှိ၊ ရှိရာကိုငါပေးမည်။ နာဇရက်မြို့သားယေရှုခရစ်၏နာမတော်ကြောင့် လှမ်းသွားလော့ဟု မြွက်ဆိုပြီးလျှင်၊ ညာလက်ဖြင့်ကိုင်၍ထူသော် ထိုသူ့ခြေနှင့်ဖမျက်များရုတ်ခြင်းသန်မာသဖြင့်၊ ခုန်ထလှမ်းသွား၍ တမန်တော်တို့နောက်လှမ်းသွားလျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင့်ဂုဏ်တော်ကို ချီးမွမ်းလျက် ဗိမာန်တော်သို့လိုက်ဝင်လေ၏။ ထိုသို့လှမ်းသွားလျက် ဘုရားသခင့်ဘုန်းတော်ချီးမွမ်းသည်ကိုလူပရိသတ်မြင်သော်၊ 10 ဗိမာန်တော်ရှိ တင့်တယ်တံခါးအနီး တောင်းစားသူဖြစ်ကြောင်းမှတ်မိသဖြင့် သူ၌ ဖြစ်သောအခြင်းအရာကို များစွာအံ့သြမိန်းမောကြ၏။
11 ပေတရုနှင့်ယောဟန်တို့ကိုထိုသူဆွဲကိုင်၍နေစဉ် သူတို့ရှိရာရှောလမုန်အမည်တွင်သော မုတ်ဆောင်သို့ ပရိသတ်လုံးအံ့သြလျက် ပြေးဝင်စုရုံးကြသည်ကိုမြင်သော်၊ 12 လူပရိသတ်အားပေတရုက အချင်းဣသရေလအမျိုးသားတို့၊ ဤအရာကို အဘယ့်ကြောင့်အံ့သြကြသနည်း။ ကိုယ့်တန်ခိုးကိုယ့်သီလဖြင့် ဤသူ့ကိုလှမ်းသွားစေသည်မှတ်၍ အဘယ်ကြောင့်ငါတို့ကို စိုက်ကြည့်လျက်နေကြသနည်း။ 13 လွှတ်မည်ဟုဆုံးဖြတ်သောပိလတ်မင်းရှေ့ သင်တို့ပို့အပ်၍ငြင်းဆိုကြသူ ကျွန်တော်ရင်းယေရှု၏ဘုန်းကို အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ ဘိုးဘေးတို့ဘုရားသခင်ထင်ရှားစေတော်မူသည်တကား၊ 14 သင်တို့သည် လူသတ်ကိုတောင်းယူလျက်၊ 15 သန့်ရှင်းဖြောင့်မတ်သောအရှင်ကိုငြင်းဆို၍ အသက်ပိုင်ရှင်ကိုအသေသတ်ကြရာ ငါတို့သက်သေခံသည့်အတိုင်း ဘုရားသခင်သည် သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူ၏။ 16 နာမတော်အားယုံကြည်ခြင်းဖြင့် သင်တို့သိမြင်သောဤသူ့ကို ထိုအရှင်၏နာမတော်ပင် ကျန်းမာစေပြီ။ ထိုအရှင်ကြောင့်ရသောယုံကြည်ခြင်းသည် သင်တို့ရှေ့ကြန်အင်စုံစေလေပြီ။ 17 ယခုမှာ ညီအစ်ကိုတို့၊ အရာရှိများနှင့်သင်တို့သည် ဉာဏ်မမှီသောကြောင့်ထိုသို့ပြုကြကြောင်း ငါသိ၏။ 18 ဘုရားသခင်လည်း ပရောဖက်အပေါင်းတို့၏နှုတ်ဖြင့် တင်ကူးဖော်ပြတော်မူခဲ့သည့်အတိုင်း၊ 3.18 ပါဠိ။ ခရစ်ေတာ်။ဘိသိက်တော်ခံမင်း ခံရသောအဖြစ်အပျက်များကို ထိုသို့ပင်အတည်ပြုတော်မူ၏။ 19-20 ထို့ကြောင့် သင်တို့အပြစ်ဒုစရိုက်များပပျောက်စေရန် နောင်တရ၍ပြောင်းလဲကြလော့။ သို့ပြုလျှင် ထာဝရဘုရားအထံတော်မှ ချမ်းသာရာအချိန်ကာလရောက်လာလျက် ယေရှုတည်းဟူသောသင်တို့အဖို့ ခန့်ထားတော်မူခဲ့သောခရစ်တော်ကို စေလွှတ်တော်မူလိမ့်မည်။ 21 သန့်ရှင်းသူရှေးပရောဖက်တို့နှုတ်ဖြင့် ဘုရားသခင်ဗျာဒိတ်ပေးတော်မူခဲ့သည့်အတိုင်း အရာခပ်သိမ်းကို အသစ်ပြုပြင်ရာအချိန်ကာလမတိုင်မီ ကောင်းကင်ဘုံသည် ထိုအရှင့်စံရာဖြစ်ရမည်။ 22 မောရှေက ထာဝရဘုရားသခင်သည် သင်တို့ဆွေမျိုးသားချင်းအနက် ပရောဖက်တစ်ပါးကို ငါကဲ့သို့ပေါ်ထွန်းစေတော်မူမည်။ ထိုပရောဖက်ဟောသမျှကို သင်တို့နာယူကြရမည်။ 23 မနာမယူသူတိုင်း လူမျိုးတော်မှပယ်ရှားခံရလိမ့်မည်ဟု ဆင့်ဆိုသည့်ပြင်၊ 24 ရှမွေလမှစ၍ ဟောေပြာသမျှသောပရောဖက်တို့လည်း ဤနေ့ရက်ကာလအကြောင်းကြော်ငြာကြပြီ။ 25 သင်တို့သည် ထိုပရောဖက်တို့သားများဖြစ်သည့်အပြင် အာဗြဟံအား၊ သင်၏အမျိုးအနွယ်အားဖြင့် မြေပေါ်ရှိလူမျိုးခပ်သိမ်းတို့သည် ကောင်းချီးမင်္ဂလာခံရကြလိမ့်မည်ဟူ၍ဗျာဒိတ်ပေးတော်မူလျက် သင်တို့ဘိုးဘေးများနှင့် ဘုရားသခင်ဖွဲ့တော်မူခဲ့သော ပဋိညာဉ်တော့်သားများလည်း ဖြစ်ကြသည်နှင့်အညီ၊ 26 ဘုရားသခင်သည် ကျွန်တော်ရင်းကိုပေါ်ထွန်းစေတော်မူပြီးလျှင် ဆိုးသွမ်းရာမှလူတိုင်းပြောင်းလဲသဖြင့် ကောင်းချီးမင်္ဂလာခံရစေခြင်းငှါ သင်တို့ထံဦးစွာစေလွှတ်တော်မူသည်ဟု ဆိုလေ၏။