3
ကောင်းသောအမှုအမျိုးမျိုး
1 လူတို့သည် အထွဋ်အမြတ်အာဏာစက်၏ အုပ်စိုးခြင်းကို ဝန်ခံစေခြင်းငှာလည်းကောင်း၊ မင်း၏စကားကို နားထောင်စေခြင်းငှာလည်းကောင်း၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု၍ အသင့်ဖြစ်စေခြင်းငှာလည်းကောင်း၊-
2 အဘယ်သူကိုမျှမကဲ့ရဲ့၊ ရန်တွေ့ခြင်းကိုမပြု၊ ဖြည်းညင်းသော သဘောရှိ၍၊ ခပ်သိမ်းသော သူတို့၌ အလွန်နူးညံ့သိမ်မွေ့စွာ ပြုစေခြင်းငှာလည်းကောင်း သတိပေးလော့။-
3 အကြောင်းမူကား၊ အထက်က ငါတို့သည် ပညာမဲ့သောသူ၊ နားမထောင်သောသူ၊ မှားယွင်းသောသူ၊ အထူးထူးအပြားပြားသော တပ်မက်ခြင်း၊ ကာမဂုဏ်ခံစားခြင်း အမှုတို့ကို ဆောင်ရွက်သောသူ၊ မနာလိုခြင်း၊ ငြူစူခြင်း၌ ကျင်လည်သောသူ၊ စက်ဆုပ်ရွံရှာဖွယ်သောသူ၊ အချင်းချင်းမုန်းသောသူ ဖြစ်ကြ၏။-
4 ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်၏ စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်သည် ပေါ်ထွန်းသောအခါ၊-
5 ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယ မွေးခြင်းနှင့်ဆိုင်သော ဆေးကြောအသစ်ပြုပြင်ခြင်း အားဖြင့်လည်းကောင်း၊ ငါတို့ကို ကယ်တင်တော်မူ၏။-
6 ငါတို့ကို ကယ်တင်သော အရှင်ယေရှုခရစ်အားဖြင့် ငါတို့အပေါ်သို့ ထိုဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်းလောင်းတော်မူ၏။-
7 အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက်ကို မျှော်လင့်သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း။
8 ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သောသူတို့သည် ကောင်းသောအကျင့် တို့ကို အမြဲကျင့်အံ့သောငှာ သတိပြုရကြမည်အကြောင်း၊ သင်သည် ဤအရာများကို ကြိုးစား၍ ဟောပြောစေခြင်းငှာ ငါအလိုရှိ၏။ ထိုအကျင့်တို့သည် ကောင်းသည်သာမက၊ လူတို့၏အကျိုးကို ပြုစုတတ်သော အကျင့်ဖြစ်ကြ၏။-
9 မိုက်မဲသော ပုစ္ဆာအမေးတို့ကိုလည်းကောင်း၊ ဆွေစဉ်မျိုးဆက် စာရင်းတို့ကိုလည်းကောင်း၊ ပညတ်တရားကြောင့် ရန်တွေ့ခြင်း၊ တိုက်လှန်ခြင်းတို့ကိုလည်းကောင်း ရှောင်လော့။ အကြောင်းမူကား၊ ထိုအရာတို့သည် အကျိုးမရှိ၊ အချည်းနှီး သက်သက်ဖြစ်ကြ၏။-
10 သင်းခွဲသောသူကို နှစ်ကြိမ်မြောက်အောင်ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။-
11 ထိုသို့သောသူသည် ကိုယ်အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော စိတ်ရှိသောသူ ဖြစ်သတည်း။
နောက်ဆုံးညွှန်ကြားချက်
12 အာတေမသော်လည်းကောင်း၊ တုခိတ်သော်လည်းကောင်း၊ သင့်ဆီသို့ ငါစေလွှတ်သောအခါ နိကောပလိမြို့တိုင်အောင် ငါ့ထံသို့လာခြင်းငှာ ကြိုးစားလော့။ ဆောင်းကာလပတ်လုံး ထိုမြို့၌ ငါနေမည်ဟုအကြံရှိ၏။-
13 ကျမ်းဆရာဇေနနှင့်အာပေါလု၌ အဘယ်အရာမျှမလိုစေခြင်းငှာ ကြိုးစား၍လမ်း၌ပို့လော့။-
14 ငါတို့၏လူများသည်လည်း အသီးမဲ့သောသူမဖြစ်၊ ကိုယ်သုံးစရာဖို့ရှိရမည်အကြောင်း၊ ကောင်းသော အကျင့်တို့ကို အမြဲကျင့်အံ့သောငှာ သင်ကြစေ။-
15 ငါ့ထံမှာရှိသောသူအပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းနှင့်တကွ ငါတို့ကို ချစ်သောသူများကို နှုတ်ဆက်လော့။ သင်တို့အပေါင်း၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
တိတုဩဝါဒစာပြီး၏။