4
1 ကိုယ်တော်တိုင်ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင်တော်မူသော သခင်ယေရှုခရစ် ရှေ့မှာလည်းကောင်း၊ ဘုရားသခင် ရှေ့မှာလည်းကောင်း၊ ငါသည် သင့်ကို သစ္စာပေးသည်ကား၊-
2 နှုတ်ကပတ်တရားတော်ကို ပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကို ဖော်ပြလော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်သောစိတ်နှင့် ဩဝါဒမျိုးကိုပေး၍ တိုက်တွန်းသွေးဆောင်လော့။-
3 အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။-+ ၄း၃-၄ အကြောင်းမူကား၊ နောင်ကာလ၌-----လွဲသွားကြလိမ့်မည် ဂရိမူရင်း "အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောသြဝါဒကိုသည်းခံနာယူ၍မနေနိုင်သဖြင့်၊ မိမိတို့၏အလိုဆန္ဒကိုလိုက်၍ နားခံသာသော အရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ၊ သမ္မာတရားကို နားမထောင်ဘဲ ဒဏ္ဍာရီများနောက်သို့လိုက်သွားကြလိမ့်မည်
4 သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဏာရီစကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။-
5 သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။-
6 အကြောင်းမူကား၊ ငါ့ကိုယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။-
7 ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည် ခြင်းတရားကို စောင့်ရှောက်ပြီ။-
8 ယခုမှစ၍ ဓမ္မသရဖူသည် ငါ့အဖို့ သိုထားလျက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။
ကိုယ်ရေးကိုယ်တာအမှာစကား
9 ငါ့ထံသို့ မြန်မြန်လာခြင်းငှာ ကြိုးစားလော့။-
10 အကြောင်းမူကား၊ ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍၊ သက်သာလောနိတ်မြို့သို့ သွားပြီ။ ကရက္ကေသည် ဂလာတိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့လည်းကောင်း သွားပြီ။-
11 လုကာတစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကို သင်နှင့်အတူခေါ်ခဲ့လော့။ သူသည် ဆရာအမှုကိုပြုရာမှာ ငါအကျိုးရှိ၏။-
12 တုခိတ်ကိုလည်း ဧဖက်မြို့သို့ ငါစေလွှတ်ပြီ။-
13 တရောမြို့တွင် ကာပုလက်၌ ငါထားခဲ့သော ဝတ်လုံကိုလည်းကောင်း၊ စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့် သားရေစာကိုလည်းကောင်း၊ သင်သည်လာသောအခါ ယူခဲ့လော့။-
14 ပန်းတဥ်းသမားအာလေဇန္ဒြုသည် ငါ၌ မကောင်းသော အမှုအများကို ပြုလေပြီ။ ထိုသူကျင့်သော အကျင့်တို့၏ အကျိုးအပြစ်ကို သခင်ဘုရား ဆပ်ပေးတော်မူပါစေသော။-
15 သူ့ကိုသတိပြုလော့။ ငါတို့စကားကို အလွန်ငြင်းပယ်လေပြီ။-
16 ပထမအချိန်၌ အပြစ်တင်ခွင့်ကိုဖြေ၍ ငါသည် အစီရင်ခံရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။ လူအပေါင်းတို့သည် ငါ့ကို စွန့်ပစ်ကြ၏။-
17 သူတို့၌ အပြစ်တင်တော်မမူပါစေနှင့်။ လူအပေါင်းတို့သည် စွန့်ပစ်ကြသော်လည်း၊ ဒေသနာတော်ကို အကုန်အစင်ဟောပြော၍၊ ခပ်သိမ်းသောလူမျိုးတို့သည် ကြားသိစေခြင်းငှာ၊ သခင်ဘုရားသည် ငါ့ဘက်၌နေ၍ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသောကြောင့်၊ ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းချမ်းသာကို ငါရ၏။-
18 ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသော အမှုရှိသမျှတို့မှ ငါ့ကိုကယ်နုတ်၍၊ မိမိကောင်းကင်နိုင်ငံတော်သို့ တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။
နောက်ဆုံးနှုတ်ဆက်စကား
19 ပြစ်ကိလနှင့်အာကုလမှစ၍ ဩနေသိဖော်၏ အိမ်သူအိမ်သားများကို နှုတ်ဆက်လော့။-
20 ဧရက္ကုသည် ကောရိန္သုမြို့၌နေ၏။ တရောဖိမ်သည် နာ၍ မိလက်မြို့၌ငါထားခဲ့၏။-
21 ဆောင်းကာလမရောက်မီ ကြိုးစား၍ လာခဲ့လော့။ ဥဗုလု၊ ပုဒေ၊ လိနု၊ ကလောဒိမှစ၍ ညီအစ်ကို အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။-
22 သခင်ယေရှုခရစ်သည် သင်၏စိတ်ဝိညာဉ်နှင့် အတူ ရှိတော်မူပါစေသော။ သင်၌ ကျေးဇူးတော်ရှိစေသတည်း။ အာမင်။
တိမောသေဩဝါဒစာဒုတိယစောင်ပြီး၏။