3
အသင်းတော်ခေါင်းဆောင်များ
1 သင်းအုပ်အရာကို တောင့်တသောသူသည် ကောင်းသော အမှုအရာကို တောင့်တသည်ဟူသော စကားသည် မှန်သောစကားဖြစ်၏။-+ ၃း၁ ---ဟူသော စကားသည် မှန်သောစကားဖြစ်၏။ အချို့ရှေးလက်ရေးမူ "----ဟူသောစကားသည် အများလက်ခံသောစကားဖြစ်၏"
2 ထိုကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။-
3 စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတစ်ပါးကိုရိုက်ပုတ်ခြင်း၊ မစင်ကြယ်သောစီးပွားကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကို မတပ်မက်သောသူဖြစ်ရမည်။-
4 မိမိအိမ်ကို ကောင်းမွန်စွာ အုပ်စိုး၍ သမ္မာသမာဓိရှိသည်နှင့်၊ မိမိသားသမီးကို ဆုံးမနိုင်သောသူ ဖြစ်ရမည်။-
5 မိမိအိမ်ကို မအုပ်စိုးတတ်လျှင်၊ ဘုရားသခင်၏ အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။-
6 မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ် မဖြစ်ရ။-
7 ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိ သောသူ ဖြစ်ရမည်။
သင်းထောက်လူကြီးများ
8 ထိုနည်းတူ၊ သင်းထောက်တို့သည် တည်ကြည်သောသူ ဖြစ်ရကြမည်။ လျှာနှစ်ခွနှင့်ပြောသောသူ၊ စပျစ်ရည်ကို သောက်ကြူးသောသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သောသူ မဖြစ်ရကြ။-
9 ကိုယ်ကိုယ်ကိုသိသောစိတ် စင်ကြယ်သည်နှင့်၊ ယုံကြည်ခြင်း၏ နက်နဲသောအရာကို စွဲလမ်းသောသူ ဖြစ်ရကြမည်။-
10 သူတို့သည်လည်း ရှေ့မဆွက စုံစမ်းခြင်းကို ခံကြစေ။ နောက်မှ အပြစ်တင်ခွင့်နှင့်ကင်းလွတ်လျှင်၊ သင်းထောက်လုပ်ကြစေ။-
11 ထိုနည်းတူ၊ မိန်းမတို့သည် တည်ကြည်သောသူ ဖြစ်ရမည်။ ချောစားတတ်သောသူ မဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသောသူ ဖြစ်ရကြမည်။-
12 သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။ မိမိသားသမီးနှင့် အိမ်သူအိမ်သားတို့ကို ကောင်းမွန်စွာ အုပ်ချုပ်သောသူဖြစ်ရမည်။-
13 အကြောင်းမူကား၊ သင်းထောက်အမှုကို ကောင်းစွာရွက်ဆောင်သော သူတို့သည် မိမိတို့အဖို့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ ရဲရင့်ခြင်းသတ္တိကိုလည်းကောင်း အမြတ်ရကြ၏။
အလွန်နက်နဲသည့်အရာ
14 သင်ရှိရာသို့ ငါမြန်မြန်လာမည်ဟု မျှော်လင့်ခြင်းရှိသော်လည်း တာရှည်စွာနေလျှင်၊ သင်သည် ဘုရားသခင်၏အိမ်တော်၌ အဘယ်သို့ကျင့်ကြံပြုမူရမည်ကို သိစေခြင်းငှာ ဤသို့ငါရေး၍ ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသော ဘုရားသခင်၏အသင်းတော်ဖြစ်၏။-
15 ထိုအသင်းတော်ကား၊ သမ္မာတရား၏ အမှီတံကဲဖြစ်၏။ သမ္မာတရား၏ တည်ရာလည်းဖြစ်၏။-
16 မှန်သောကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသောအရာဖြစ်သည်ဟု ငြင်းခုံရန်မရှိ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တစ်ပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။