8
ဒါဝိဒ်ဆင်နွှဲအောင်မြင်သည့်စစ်ပွဲများ
(၅ရာ ၁၈:၁-၁၇)
1 ထိုနောက်ဒါဝိဒ်သည် ဖိလိတ္တိလူတို့ကို လုပ်ကြံ၍ အောင်မြင်သဖြင့်၊ မေသေဂမ္မာမြို့ကို သိမ်းယူလေ၏။
2 မောဘပြည်ကိုလည်းလုပ်ကြံ၍ ပြည်သားတို့ကို မြေပေါ်မှာ လှဲချသဖြင့်၊ ကြိုးနှင့်တိုင်းလျက် သုံးစုတွင် နှစ်စုကိုသတ်၏။ တစ်စုကိုချမ်းသာပေး၏။ ထိုသို့ မောဘအမျိုးသားတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။
3 ဇောဘမင်းကြီး ရဟောဘ၏သား ဟာဒဒေဇာသည် ဥဖရတ်မြစ်နားမြေကို သိမ်းယူခြင်းငှာ သွားသောအခါ၊ ဒါဝိဒ်သည် တိုက်ဖျက်၍၊
4 ရထားတစ်ထောင်၊ မြင်းစီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲနှစ်သောင်းကို ဖမ်းဆီး၍ ရထားတစ်ရာကို သိမ်းထားပြီးမှ၊ အခြားသောမြင်းရထားရှိသမျှတို့ကို ဖျက်ဆီးလေ၏။
5 ဒမာသက်မြို့နေ ရှုရိလူတို့သည် ဇောဘမင်းကြီး ဟာဒဒေဇာကို စစ်ကူသောအခါ၊ ဒါဝိဒ်သည် ရှုရိလူ နှစ်သောင်းနှစ်ထောင်တို့ကိုသတ်ပြီးမှ၊
6 ရှုရိပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကိုထားသဖြင့်၊ ရှုရိလူတို့သည် ဒါဝိဒ်၌ကျွန်ခံ၍ အခွန်ဆက်ရကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
7 ဟာဒဒေဇာ၏ကျွန်တို့စွဲကိုင်သော ရွှေဒိုင်းလွှားများကို ဒါဝိဒ်သည်သိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
8 ဟာဒဒေဇာအစိုးရသော ဘေတမြို့နှင့် ဗေရောသဲမြို့မှ ဒါဝိဒ်မင်းကြီးသည် များစွာသောကြေးဝါကို သိမ်းသွား၏။
9 ဟာဒဒေဇာ၏ တပ်အလုံးအရင်းကို ဒါဝိဒ်လုပ်ကြံကြောင်းကို၊ ဟာမတ်မင်းကြီးတောဣသည်ကြားလျှင်၊
10 မိမိရန်သူ ဟာဒဒေဇာကို ဒါဝိဒ်သည်စစ်တိုက်၍ လုပ်ကြံသောကြောင့်၊ မိတ်သဟာယဖွဲ့၍ ကောင်းချီးပေးစေခြင်းငှာ၊ မိမိသားယောရံကို ဒါဝိဒ်မင်းကြီးထံသို့ စေလွှတ်၍၊ ယောရံသည် ငွေဖလား၊ ရွှေဖလား၊ ကြေးဝါဖလားတို့ကို ဆောင်လျက်လာ၏။
11 ထိုဖလားတို့ကို ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားအား ပူဇော်၏။ ထိုအတူ အောင်မြင်သောရှုရိပြည်၊ မောဘပြည်၊ အမ္မုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်၌ သိမ်းယူသော ရွှေငွေကိုလည်းကောင်း၊
12 ဇောဘမင်းကြီး ရဟောဘသား ဟာဒဒေဇာ၏ဘဏ္ဍာကိုလုယူ၍ ရသောရွှေငွေကိုလည်းကောင်း၊ ထာဝရဘုရားအား ပူဇော်၏။
13 ဆားချိုင့်တွင် ဧဒုံလူ တစ်သောင်းရှစ်ထောင်တို့ကိုလုပ်ကြံရာမှ၊ ဒါဝိဒ်သည် ပြန်လာသောအခါ ဂုဏ်အသရေကြီး၏။Ref ၈:၁၃။ ဆာ ၆၀ ခေါင်းစဉ်။
14 ဧဒုံပြည်အရပ်ရပ်၌ မြို့စောင့်တပ်တို့ကိုထား၍၊ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်၌ကျွန်ခံကြ၏။ ဒါဝိဒ်သွားလေရာရာ၌ ထာဝရဘုရားစောင့်မတော်မူ၏။
15 ထိုသို့ ဒါဝိဒ်သည် ဣသရေလနိုင်ငံလုံးကိုစိုးစံ၍၊ နိုင်ငံတော်သားတို့တွင် တရားမှုကို စီရင်ဆုံးဖြတ်တော်မူ၏။
16 ဇေရုယာ၏သားယွာဘသည် ဗိုလ်ချုပ်မင်းဖြစ်၏။ အဟိလုပ်၏ သားယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
17 အဟိတုပ်သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်သည် ယဇ်ပုရောဟိတ်ဖြစ်၏။ စရာယသည် စာရေးတော်ကြီးဖြစ်၏။
18 ယောယဒ၏သားဗေနာယသည် ခေရသိလူနှင့် ပေလသိလူတို့ကို အုပ်ရ၏။ ဒါဝိဒ်၏သားတော်တို့သည်လည်း မင်းသားအရာနှင့် နေကြ၏။