31
ရှောလုနှင့်သားများကွယ်လွန်ခြင်း
(၅ရာ ၁၀:၁-၁၂)
1 ဖိလိတ္တိလူတို့သည် ဣသရေလလူတို့ကို စစ်တိုက်၍၊ ဣသရေလလူတို့သည် ရန်သူရှေ့မှာပြေးသဖြင့်၊ ဂိလဗောတောင်ပေါ်မှာ အထိအခိုက်နှင့် လဲ၍သေကြ၏။
2 ဖိလိတ္တိလူတို့သည် ရှောလုမင်းနှင့် သူ၏သားတို့ကိုပြင်းထန်စွာလိုက်၍၊ ရှောလု၏သားယောနသန်၊ အဘိနဒပ်၊ မေလခိရွှတို့ကို သတ်ကြ၏။
3 စစ်တိုက်ရာတွင် ရှောလုသည် အလွန်ခံရ၏။ လေးသမားတို့ပစ်သော မြားမှန်၍ အလွန်နာသောကြောင့်၊
4 လက်နက်ဆောင်လုလင်ကို ခေါ်ပြီးလျှင် သင့်ဓားကိုထုတ်၍ ငါ့ကိုထိုးလော့။ သို့မဟုတ် အရေဖျားလှီးခြင်းကို မခံသောလူတို့သည် လာ၍ ငါ့ကိုထိုးပြီးမှ မရိုမသေ ညှဉ်းဆဲကြလိမ့်မည်ဟု ဆိုသော်လည်း၊ လက်နက်ဆောင်လုလင်သည် အလွန်ကြောက်၍ မပြုဘဲနေသောကြောင့်၊ ရှောလုသည် ထိုဓားကိုယူ၍ ထောင်ပြီးလျှင်၊ ဓားဖျားပေါ်မှာလှဲ၍ သေလေ၏။
5 ရှောလုသေသည်ကို လက်နက်ဆောင်လုလင် မြင်လျှင်၊ သူသည်လည်း ထိုဓားကိုထောင်၍ ရှောလုနှင့်အတူ ဓားဖျားပေါ်မှာလှဲ၍ သေ၏။
6 ထိုသို့ရှောလုမှစ၍ သူ၏သားသုံးယောက်၊ သူ၏လက်နက်ဆောင်လုလင်၊ သူ၏လူအပေါင်းတို့သည် ထိုနေ့ချင်းတွင် အတူသေကြ၏။
7 ဣသရေလလူ ပြေးကြောင်း၊ ရှောလုနှင့် သူ၏သားသေကြောင်းကို ချိုင့်တစ်ဖက်၊ ယော်ဒန်မြစ်တစ်ဖက်၌ နေသော ဣသရေလလူတို့သည် သိမြင်လျှင်၊ မြို့ရွာတို့ကို စွန့်ပြေးသဖြင့်၊ ဖိလိတ္တိလူတို့သည် လာ၍နေကြ၏။
8 နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ၊ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် လဲသေလျက်ရှိသည်ကို တွေ့မြင်ကြ၏။
9 ရှောလု၏ခေါင်းကိုဖြတ်၍ လက်နက်တော်ကိုချွတ်ပြီးမှ သူတို့ ရုပ်တုကျောင်းများ၌လည်းကောင်း၊ လူများတို့၌လည်းကောင်း၊ သတင်းကျော်စောစေခြင်းငှာ ဖိလိတ္တိပြည်အရပ်ရပ်သို့ ပေးလိုက်ကြ၏။
10 လက်နက်တော်ကိုလည်း အာရှတရက်ကျောင်း၌ထား၍ အလောင်းတော်ကို ဗက်ရှန်မြို့ရိုး၌ ဆွဲထားကြ၏။
11 ရှောလု၌ ဖိလိတ္တိလူတို့ ပြုသောအမှုကို ဂိလဒ်ပြည် ယာဗက်မြို့သားများကြားလျှင်၊
12 သူရဲအပေါင်းတို့သည် ညအခါထသွား၍၊ ရှောလု၏အလောင်းနှင့် သူ၏သားအလောင်းတို့ကို ဗက်ရှန်မြို့ရိုးမှချပြီးလျှင်၊ ယာဗက်မြို့သို့ဆောင်ခဲ့၍ မီးရှို့ကြ၏။
13 အရိုးတို့ကိုလည်းယူ၍ ယာဗက်မြို့မှာ သစ်ပင်အောက်၌ သင်္ဂြိုဟ်ပြီးမှ ခုနစ်ရက်ပတ်လုံး အစာရှောင်ကြသည်။