7
လူတစ်သိန်းလေးသောင်းလေးထောင်
ထိုနောက်မှ မြေကြီး၊ ပင်လယ်၊ သစ်ပင်များတို့၌ လေမလာစေခြင်းငှာ၊ ကောင်းကင်တမန်လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။-Ref ၇:၁။ ယေ ၄၉:၃၆။ ဒံ၊ ၇:၂။ ဇာ၊ ၆:၅။ အသက်ရှင်တော်မူသော ဘုရားသခင်၏ တံဆိပ်ပါသော ကောင်းကင်တမန်တစ်ပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင်၏။ သူသည်လည်း မြေနှင့်ပင်လယ်ကို ညှဥ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကို အသံလွှင့်၍၊- ငါတို့ဘုရားသခင်၏ ကျွန်တို့ကို နဖူး၌ တံဆိပ်မခတ်မီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကို မညှဥ်းဆဲပါနှင့်ဟု ကြီးသောအသံနှင့် ကြွေးကြော်လေ၏။-Ref ၇:၃။ ယေဇ ၉:၄၊၆။ တံဆိပ်ခတ်ခြင်းကိုခံရသောသူ အရေအတွက်ကို ငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသော အမျိုးအနွယ်ထဲက လူတစ်သိန်းလေးသောင်းလေးထောင် တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။- ယုဒအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲက တစ်သောင်းနှစ်ထောင်။- အာရှာအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ နဿလိအမျိုးထဲက တစ်သောင်းနှစ်ထောင်၊ မနာရှေ အမျိုးထဲက တစ်သောင်းနှစ်ထောင်၊- ရှိမောင်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ လေဝိ အမျိုးထဲက တစ်သောင်းနှစ်ထောင် ၊ ဣသခါအမျိုးထဲက တစ်သောင်းနှစ်ထောင်၊- ဇာဗုလုန်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲက တစ်သောင်းနှစ်ထောင်၊ ဗင်္ယာမိန် အမျိုးထဲက တစ်သောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ၏။
လူ​များအပေါင်း
ထိုနောက်မှ ငါကြည့်လျှင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။- 10 သူတို့ကလည်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာ ရှိတော်မူစေသတည်းဟု ကြီးသောအသံနှင့် ကြွေးကြော်ကြ၏။- 11 ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး၏ ပတ်ဝန်းကျင်၌ ရပ်နေသော ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လျက်၊- 12 အာမင်။ ငါတို့၏ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ကောင်းချီးမင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုးသတ္တိ ရှိတော်မူစေသတည်း။ အာမင်ဟု ပြောဆိုကြ၏။
13 အသက်ကြီးသူတစ်ပါးကလည်း၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်က လာကြသနည်းဟု ငါ့အားမေးမြန်းလျှင်၊- 14 ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟု ပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိတို့ဝတ်လုံကို သိုးသငယ်၏ အသွေး၌လျှော်၍ ဖြူစေသောသူ ဖြစ်ကြသတည်း။-Ref ၇:၁၄။ ဒံ ၁၂:၁။ မ၊ ၂၄:၂၁။ မာ၊ ၁၃:၁၉။ 15 ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညမပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။- 16 သူတို့သည် နောက်တစ်ဖန် ရေစာကို မငတ်မွတ်ရကြ။ နေရောင်ခြည် အလျှင်းမထိရ။ အဘယ်အပူကိုမျှ မခံရကြ။-Ref ၇:၁၆။ ဟေရှာ ၄၉:၁၀။ 17 အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ ရှိသော သိုးသငယ်သည် သူတို့ကိုလုပ်ကျွေး၍၊ အသက်စမ်းရေတွင်းသို့ လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟု ဆိုလေ၏။-Ref ၇:၁၇။ ဆာ ၂၃:၁။ ယေဇ၊ ၃၄:၂၃။ ဆာ၊ ၂၃:၂။ ဟေရှာ၊ ၄၉:၁၀၊ ၂၅:၈။