12
မိန်းမနှင့်နဂါးကြီး
1 ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတစ်ဦးသည် နေကိုဝတ်လျက်၊ လကို ခြေဖြင့်နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ၏။-
2 ထိုမိန်းမသည် ကိုယ်ဝန်ဆောင်၍ ဖွားအံ့သော ဝေဒနာ ပြင်းသောကြောင့် အော်ဟစ်လေ၏။-
3 ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာ ပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည် ခေါင်းခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ်၌ သရဖူခုနစ်ဆူကို ဆောင်းလျက်ရှိ၏။-Ref ၁၂:၃။ ဒံ ၇:၇။
4 သူ၏အမြီးသည် ကောင်းကင်ကြယ် သုံးစုတစ်စုကို ဆွဲငင်၍ မြေကြီးသို့ချလိုက်လေ၏။ သားကိုဖွားလုသော မိန်းမသည် ဖွားသောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့၌ရပ်နေ၏။-
5 ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတ္တံ့သော သားယောက်ျားကို ဖွားမြင်၏။ ထိုသားကို ဘုရားသခင်ထံသို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီယူတော်မူ၏။-Ref ၁၂:၅။ ဟေရှာ ၆၆:၇။ ဆာ၊ ၂:၉။
6 မိန်းမသည် အရက်တစ်ထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော၌ ကျွေးမွေးခြင်းကို ခံရမည်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ၏။
7 ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏တမန်တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့နေစရာမရှိ။-Ref ၁၂:၇။ ဒံ ၁၀:၁၃၊၂၁၊ ၁၂:၁။ ယုဒ၊ ၉။
8 ထိုအခါ ဤလောကတစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကိုလည်းကောင်း၊-
9 သူနှင့်အတူ သူ၏တမန်တို့ကိုလည်းကောင်း၊ မြေကြီးသို့ ချလိုက်ကြ၏။-Ref ၁၂:၉။ က ၃:၁။ လု၊ ၁၀:၁၈။
10 ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေ့ညမပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ။-Ref ၁၂:၁၀။ ယောဘ ၁:၉-၁၁။ ဇာ၊ ၃:၁။
11 သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်လည်းကောင်း အောင်မြင်၍၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ။-
12 ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။
13 ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော်၊ သားယောက်ျားကို ဖွားမြင်သော မိန်းမကို ညှဉ်းဆဲ၏။-
14 မိန်းမသည် ထိုမြွေနှင့်လွတ်၍၊ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း၊ ရွှေလင်းတကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။-Ref ၁၂:၁၄။ ဒံ ၇:၂၅၊ ၁၂:၇။
15 ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှာ၊ နဂါးသည် မိမိခံတွင်းထဲကမြစ်ရေစီးသကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။-
16 မြေကြီးသည် မိန်းမကို မစ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်းထဲက ထုတ်ပစ်သောမြစ်ရေကို မျိုလေ၏။-
17 နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော်တို့ကို ကျင့်၍ ယေရှု၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။-+ ၁၂း၁၇ ထိုမိန်းမ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာ သွား၏။ မူရင်း "---ထိုမိန်းမ၌ကြွင်းသောအမျိုးအနွယ်ကို စစ်တိုက်ခြင်းငှာသွား၏။ (၁၃:၁(က)) ထိုနောက် နဂါးသည် ပင်လယ်နား၌ သဲပေါ်မှာရပ်နေ၏