19
အမ္မုန်နှင့် ရှုရိအမျိုးသားတို့ကိုနှိမ်နင်းခြင်း
(၂ရာ ၁၀:၁-၁၉)
1 ထိုနောက် အမ္မုန်ရှင်ဘုရင်နာဟတ်သည်သေ၍၊ သားတော်ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
2 ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်ဟုဆိုလျက်၊ သူ၏အဘသေရာတွင် နှစ်သိမ့်စေခြင်းငှာ သံတမန်တို့ကိုစေလွှတ်၍၊ ဒါဝိဒ်၏ကျွန်တို့သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှာ သူရှိရာအမ္မုန်ပြည်သို့ ရောက်ကြ၏။
3 အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူးစမ်း၍ ဖျက်ဆီးခြင်းငှာသာ၊ သူ၏ကျွန်တို့သည် အထံတော်သို့ ရောက်သည်မဟုတ်လောဟု လျှောက်ကြလျှင်၊
4 ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင်၊ မုတ်ဆိတ်ကိုရိတ်၍ အဝတ်ကို တင်ပါးတိုင်အောင်ဖြတ်ပြီးမှ လွှတ်လိုက်လေ၏။
5 ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သောကြောင့် ဆီးကြိုစေခြင်းငှာ စေလွှတ်၍၊ သင်တို့သည် မုတ်ဆိတ်မရှည်မီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့ဟု မှာထားတော်မူ၏။
6 ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့သည် ဒါဝိဒ်ရှေ့မှာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်လိမ့်မည်ဟု သိလျှင်၊ မေသောပေါတာမိပြည်၊ ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကို ငှားခြင်းငှာ ငွေအခွက်တစ်သောင်းကို ထုတ်၍၊
7 မြင်းရထားသူရဲ သုံးသောင်းနှစ်ထောင်ကိုလည်းကောင်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကိုလည်းကောင်း ငှားသဖြင့်၊ ထိုသူတို့သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသားတို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။
8 ထိုသတင်းကို ဒါဝိဒ်သည်ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသောသူရဲ အလုံးအရင်းအပေါင်းကို စေလွှတ်၏။
9 အမ္မုန်အမျိုးသားတို့သည် ထွက်၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသောမင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။
10 ယွာဘသည်လည်း ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း၊ စစ်မျက်နှာနှစ်ဖက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။
11 ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့ တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ ညီအဘိရှဲလက်သို့အပ်လျက်၊
12 ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။
13 ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ဘုရားသခင့် မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊
14 သူ၌ပါသော လူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။
15 ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
16 ရှုရိလူတို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တစ်ဖက်၌နေသော ရှုရိလူတို့ကိုခေါ်သဖြင့်၊ ဟာဒဒေဇာခန့်ထားသော ဗိုလ်ချုပ်မင်းရှောဗက်သည်လည်း အုပ်ရ၏။
17 ထိုသတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသားအပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက်သောအခါ၊
18 ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထားစီးသူရဲ ခုနစ်ထောင်၊ ခြေသည်သူရဲ လေးသောင်းတို့ကိုသတ်၍ ဗိုလ်ချုပ်မင်းရှောဗက်ကိုလည်း လုပ်ကြံလေ၏။
19 ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိတ်သဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တစ်ဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။