15
ပဋိညာဉ်သေတ္တာကိုပြောင်းရွှေ့ခြင်း
1 ထိုနောက် ဒါဝိဒ်မြို့၌ အိမ်တော်တို့ကို ဆောက်တော်မူ၏။ ဘုရားသခင်၏သေတ္တာတော်ဌာနကို ပြင်၍ တဲတော်ကိုလည်း တည်တော်မူပြီးမှ၊Ref ၁၅:၂။ တရား ၁၀:၈။
2 ဒါဝိဒ်က၊ ဘုရားသခင်၏ သေတ္တာတော်ကိုထမ်း၍ ရှေ့တော်၌ အမှုတော်ကိုအစဉ်စောင့်စေခြင်းငှာ ထာဝရဘုရားသည် လေဝိသားတို့ကို ရွေးချယ်တော်မူသောကြောင့်၊ အခြားတစ်ပါးသော သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရကြဟုဆိုလျက်၊
3 ထာဝရဘုရား၏ သေတ္တာတော်အဖို့ ပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ဣသရေလအမျိုးသားအပေါင်းတို့ကို ယေရုရှလင်မြို့၌ စုဝေးစေသောအခါ၊
4 အာရုန်သားတို့နှင့် လေဝိသားတို့ကိုလည်း စုဝေးစေတော်မူ၍ ရောက်လာသောသူဟူမူကား၊
5 ကောဟတ်အမျိုးတွင် အကြီးဖြစ်သော ဥရေလနှင့် သူ၏ညီအစ်ကို တစ်ရာနှစ်ဆယ်၊
6 မေရာရိအမျိုးတွင် အကြီးဖြစ်သော အသာယနှင့် သူ၏ညီအစ်ကို နှစ်ရာနှစ်ဆယ်၊
7 ဂေရရှုံအမျိုးတွင် အကြီးဖြစ်သော ယောလနှင့် သူ၏ညီအစ်ကို တစ်ရာသုံးဆယ်၊
8 ဧလိဇဖန်အမျိုးတွင် အကြီးဖြစ်သော ရှေမာယနှင့် သူ၏ညီအစ်ကိုနှစ်ရာ
9 ဟေဗြုန်အမျိုးတွင် အကြီးဖြစ်သော ဧလျေလနှင့် သူ၏ညီအစ်ကို ရှစ်ဆယ်၊
10 ဩဇေလအမျိုးတွင် အကြီးဖြစ်သော အမိနဒပ်နှင့် သူ၏ညီအစ်ကို တစ်ရာတစ်ဆယ်နှစ်ယောက်တည်း။
11 ဒါဝိဒ်သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ်နှင့်အဗျာသာ၊ လေဝိသား ဩရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလ၊ အမိနဒပ်တို့ကိုခေါ်၍၊
12 သင်တို့သည် လေဝိသား အဆွေအမျိုးသူကြီး ဖြစ်ကြ၏။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏သေတ္တာတော်အဖို့ ငါပြင်ဆင်သော အရပ်ဌာနသို့ ဆောင်ခဲ့ခြင်းငှာ ကိုယ်ကိုလည်းကောင်း၊ ညီအစ်ကိုတို့ကိုလည်းကောင်း၊ သန့်ရှင်းစေကြလော့။
13 အရင်ကမသန့်ရှင်း၊ တရားလမ်းသို့ မလိုက်ဘဲ ငါတို့ဘုရားသခင် ထာဝရဘုရားကို ရှာသောကြောင့် ဒဏ်ခတ်တော်မူသည်ဟု သတိပေး၏။
14 ထိုအခါ ယဇ်ပုရောဟိတ်တို့နှင့် လေဝိသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား၏ သေတ္တာတော်ကို ဆောင်ခဲ့ခြင်းငှာ ကိုယ်ကို သန့်ရှင်းစေကြ၏။
15 ထာဝရဘုရား အမိန့်တော်နှင့်အညီ မောရှေမှာထားခဲ့သည်အတိုင်း၊ လေဝိသားတို့သည် ဘုရားသခင်၏ သေတ္တာတော်ကို သေတ္တာတော်ထမ်းပိုးဖြင့် ထမ်းကြ၏။Ref ၁၅:၁၅။ ထွ ၂၅:၁၄။
16 လေဝိသား အကြီးအကဲတို့သည် စောင်း၊ တယော၊ ခွက်ကွင်းအစရှိသော တူရိယာမျိုးနှင့် သီချင်းဆိုတတ်သော ညီအစ်ကိုတို့ကို ဝမ်းမြောက်စွာ အသံပြိုင်ဆိုစေခြင်းငှာ ခန့်ထားရမည်အကြောင်း အမိန့်တော်ရှိသည်အတိုင်း၊
17 ထိုလေဝိသားတို့သည် ယောလသား ဟေမန်၊ သူ၏ညီစုထဲက ဗေရခိသား အာသပ်၊ မိမိတို့ညီစု၊ မေရာရိအမျိုးထဲက ကုရှာယသား ဧသန်တို့ကိုလည်းကောင်း၊
18 မိမိတို့ညီ ဒုတိယအရာရှိဖြစ်သော ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာသေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ တံခါးစောင့်ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့ကိုလည်းကောင်း ခန့်ထားကြ၏။
19 သီချင်းဆရာ ဟေမန်၊ အာသပ်၊ ဧသန်တို့သည် ကြေးဝါခွက်ကွင်းကို တီးရကြ၏။
20 ဇာခရိ၊ ဗင်္ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ မာသေယ၊ ဗေနာယတို့သည် အာလမုတ်တယောကို ထိုးရကြ၏။
21 မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ၊ ဩဗဒေဒုံ၊ ယေလ၊ အာဇဇိတို့သည် အသံစုံလင်စွာ ရှေမိနိတ်စောင်းကို တီးရကြ၏။
22 လေဝိသား အကြီးအကဲဖြစ်သော ခေနနိသည် သီချင်းအတတ်၌ လေ့ကျက်သောကြောင့် သီချင်းဆရာကြီး ဖြစ်၏။
23 ဗေရခိနှင့် ဧလကာနသည် သေတ္တာတော်တံခါးစောင့်ဖြစ်၏။
24 ယဇ်ပုရောဟိတ် ရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာတို့သည် ဘုရားသခင်၏သေတ္တာတော်ရှေ့မှာ တံပိုးမှုတ်ရကြ၏။ ဩဗဒေဒုံနှင့် ယေဟိသည်လည်း သေတ္တာတော်တံခါးစောင့်ဖြစ်၏။
ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့သို့ ပင့်ဆောင်ခြင်း
(၂ရာ ၆:၁၂-၂၂)
25 ထိုသို့ ဒါဝိဒ်မင်းနှင့် ဣသရေလအမျိုး အသက်ကြီးသူ၊ လူတစ်ထောင်အုပ်တို့သည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို၊ ဩဗဒေဒုံအိမ်မှ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့ခြင်းငှာသွားကြ၏။
26 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေဝိသားတို့ကို ဘုရားသခင်မစတော်မူသည်ဖြစ်၍၊ သူတို့သည် နွားခုနစ်ကောင်နှင့် သိုးခုနစ်ကောင်တို့ကို ယဇ်ပူဇော်ကြ၏။
27 ဒါဝိဒ်နှင့် သေတ္တာတော်ကိုထမ်းသော လေဝိသားများ၊ သီချင်းဆရာခေနနိနှင့် သီချင်းဆိုသူများတို့သည် ပိတ်ချောကိုဝတ်ကြ၏၊ ဒါဝိဒ်သည် ပိတ်သင်တိုင်းကိုလည်းထပ်၍ဝတ်၏။
28 ထိုသို့ ဣသရေလအမျိုးသားအပေါင်းတို့သည် ကြွေးကြော်လျက်၊ နှဲခရာ၊ တံပိုး၊ ခွက်ကွင်း၊ တယော၊ စောင်းတို့ကို တီးမှုတ်လျက်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့ကြ၏။
29 ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် ဒါဝိဒ်မြို့ထဲသို့ဝင်သောအခါ၊ ရှောလု၏သမီးမိခါလသည် ပြူတင်းပေါက်ကကြည့်၍၊ ဒါဝိဒ်မင်းကြီးသည် ကလျက် တီးမှုတ်လျက်လာသည်ကို မြင်သဖြင့် စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏။