12
ဒါဝိဒ်မင်းနောက်သို့လိုက်သူများ
1 ဒါဝိဒ်သည် ကိရှ၏သားရှောလုကို ရှောင်၍ ဇိကလတ်မြို့၌နေစဉ်၊ သူ့ဘက်သို့ ဝင်စားသောသူ၊
2 လေးလက်နက်ကိုဆောင်၍ လက်ယာဘက်လက်ဝဲလက်မရွေး၊ ကျောက်နှင့် မြားကိုပစ်တတ်သော စစ်သူရဲကြီး၊ ရှောလုပေါက်ဖော် ဗင်္ယာမိန်အမျိုးသားဟူမူကား၊
3 အကြီးအကဲ အဟေဇာ၊ သူ့နောက်ယောရှ၊ ဂိဗာမြို့သားရှေမာ၊ အာဇမာဝက်သား ယေဇေလနှင့်ပေလက်၊ ဗေရာခ၊ အန္တောသိအမျိုး ယေဟု၊
4 ဗိုလ်စုတွင် ထူးဆန်း၍ အကြီးအကဲလုပ်သော ဂိဗောင်မြို့သားဣရှမာယ၊ ယေရမိ၊ ယဟာဇေလ၊ ယောဟနန်၊ ဂေဒရသိအမျိုး ယောဇဗဒ်၊
5 ဧလုဇဲ၊ ယေရိမုတ်၊ ဗာလျာ၊ ရှေမရိ၊ ဟရုဖိအမျိုး ရှေဖတိ၊
6 ဧလကာန၊ ယေရှာ၊ အာဇရေလ၊ ယောဇာ၊ ကောရသိအမျိုး ယာရှောဗ၊
7 ဂေဒေါ်မြို့နေ၊ ယေရောဟံသား ယောလာနှင့် ဇေဗဒိတည်း။
ဂဒ်အနွယ်မှဒါဝိဒ်နောက်သို့လိုက်သူများ
8 ထိုမှတစ်ပါး၊ ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ထွက်သွားသောသူ၊ ခွန်အားကြီး၍ ဒိုင်းလွှားဆောင်လျက် စစ်တိုက်ခြင်းငှာ တတ်စွမ်းနိုင်သောသူ၊ ခြင်္သေ့ကဲ့သို့ မျက်နှာရဲ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သောသူ ဂဒ်အမျိုးသားဟူမူကား၊
9 ဧဇာတစ်ပါး၊ ဩဗဒိတစ်ပါး၊ ဧလျာဘတစ်ပါး၊
10 မိရှမန္နတစ်ပါး၊ ယေရမိတစ်ပါး၊
11 အတ္တဲတစ်ပါး၊ ဧလျေလတစ်ပါး၊
12 ယောဟနန်တစ်ပါး၊ ဧလဇာဗဒ်တစ်ပါး၊
13 ယေရမိတစ်ပါး၊ မာခဗာနဲတစ်ပါး၊ ပေါင်းတစ်ကျိပ်တစ်ပါးတည်း။
14 ဤသူတို့သည် ဂဒ်အမျိုးသားတွင် ဗိုလ်လုပ်၍၊ အငယ်ကားလူတစ်ရာ၊ အကြီးကားလူတစ်ထောင်ကို အုပ်သောသူဖြစ်ကြ၏။
15 ယော်ဒန်မြစ်ရေသည် ကမ်းတစ်လျှောက်လုံးကို လွှမ်းမိုးသောကာလပထမလတွင်၊ သူတို့သည်ကူး၍ မြေညီရာအရပ် အရှေ့အနောက်၌ နေသောသူအပေါင်းတို့ကို ပြေးစေကြ၏။
ဗင်္ယာမိန်နှင့်ယုဒအနွယ်ဝင်တို့မှဒါဝိဒ်နောက်သို့ လိုက်သူများ
16 ဗင်္ယာမိန်အမျိုးသားနှင့် ယုဒအမျိုးသားအချို့တို့သည် ဒါဝိဒ်ရှိရာ ရဲတိုက်သို့လာသောအခါ၊
17 ဒါဝိဒ်သည် ကြိုဆိုခြင်းငှာ ထွက်သွား၍၊ ငါ့ကိုမစခြင်းငှာ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကို ရန်သူလက်သို့အပ်ခြင်းငှာ လာလျှင် ငါ၌အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟု ဆိုသော်၊
18 ဝိညာဉ်တော်သည် ဗိုလ်ချုပ်အာမသဲအပေါ်မှာ သက်ရောက်၍၊ အိုဒါဝိဒ်၊ ကျွန်တော်တို့သည် ကိုယ်တော်၏လူ၊ အိုယေရှဲ၏သားတော်၊ ကိုယ်တော်ဘက်သို့ ဝင်စားသောသူဖြစ်ပါ၏။ ကိုယ်တော်၌ မင်္ဂလာရှိပါစေသော။
မင်္ဂလာရှိပါစေသော။ ကိုယ်တော်ကိုမစသောသူ၌ မင်္ဂလာရှိပါစေသော။ ကိုယ်တော်၏ဘုရားသခင်သည်
ကိုယ်တော်ကို မစတော်မူပါစေသောဟု ပြန်ပြောလေသော်၊ ဒါဝိဒ်သည် သူတို့ကို လက်ခံ၍ ဗိုလ်အရာ၌
ခန့်ထားလေ၏။
မနာရှေသားချင်းမှဒါဝိဒ်နောက်သို့လိုက်သူများ
19 ထိုမှတစ်ပါး၊ ဒါဝိဒ်သည် ရှောလုကို စစ်တိုက်သွားသော ဖိလိတ္တိလူတို့နှင့် လိုက်သောအခါ၊ ဖိလိတ္တိမင်းတို့က၊ ဤသူသည် ငါတို့ကိုအပ်၍ မိမိသခင်ရှောလုဘက်သို့ ဝင်စားမည်ဟုတိုင်ပင်ပြီးမှ ပြန်စေသောကြောင့်၊ ဒါဝိဒ်သည် စစ်မကူဘဲ ဇိကလတ်မြို့သို့သွားသောကာလ၊ သူ့ဘက်သို့ ဝင်စားသော မနာရှေအမျိုးသားဟူမူကား၊
20 မိမိအမျိုးသားတို့တွင် လူတစ်ထောင်ကို အုပ်သောဗိုလ်၊ အာဒန၊ ယောဇဗဒ်၊ ယေဒယေလ၊ မိက္ခေလ၊ ယောဇဗဒ်၊ ဧလိဟု၊ ဇိလသဲတည်း။
21 ထိုသူအပေါင်းတို့သည် ခွန်အားကြီးသော စစ်သူရဲဗိုလ်ကြီးဖြစ်၍၊ ဓားပြလုပ်သော သူတို့တစ်ဖက်၌ ဒါဝိဒ်ကိုမစကြ၏။
22 ထိုကာလ၌ ဘုရားသခင်၏ဗိုလ်ခြေကဲ့သို့ ကြီးစွာသော ဗိုလ်ခြေဖြစ်သည်တိုင်အောင် တစ်နေ့ထက်တစ်နေ့ ဒါဝိဒ်ကိုကူညီ၍ ဝင်စားကြ၏။
ဒါဝိဒ်တပ်ဖွဲ့ဝင်များ
23 ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှာ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊
24 ဒိုင်းနှင့်လှံကိုဆောင်၍ စစ်တိုက်လက်နက်စုံနှင့်ပြည့်စုံသော ယုဒအမျိုးသား ခြောက်ထောင်ရှစ်ရာ၊
25 ခွန်အားကြီးသော စစ်သူရဲ၊ ရှိမောင်အမျိုးသား ခုနစ်ထောင်တစ်ရာ၊
26 လေဝိအမျိုးသား လေးထောင်ခြောက်ရာ၊
27 အာရုန်အမျိုးအုပ်၊ ယောယဒနှင့်အတူပါသော အာရုန်အမျိုးသား သုံးထောင်ခုနစ်ရာ၊
28 ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏အဆွေအမျိုး တပ်မှူးနှစ်ကျိပ်နှစ်ပါး၊
29 ရှောလုပေါက်ဖော်ဖြစ်သော ဗင်္ယာမိန်အမျိုးသားသုံးထောင်၊ ထိုအမျိုးသားအများတို့သည် ရှောလုဘက်မှာ စောင့်နေကြ၏။
30 ခွန်အားကြီး၍ အဆွေအမျိုးတို့တွင် ထင်ရှားသော ဧဖရိမ်အမျိုးသားနှစ်သောင်းရှစ်ရာ၊
31 ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ စာရင်းဝင်သော မနာရှေအမျိုးဝက်ထဲက လူတစ်သောင်းရှစ်ထောင်၊
32 ကာလအချိန်တို့ကို နားလည်၍ ဣသရေလအမျိုးသည် အဘယ်သို့ပြုသင့်သည်ကို သိတတ်သော ဣသခါအမျိုးသား သူကြီးနှစ်ရာ၊ သူတို့အမျိုးသားချင်းအပေါင်းတို့သည် အသင့်ရှိကြ၏။
33 စိတ်နှစ်ခွမရှိ၊ တပ်အခင်းအကျင်းမပျက်၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံလျက် စစ်ချီ၍တိုက်တတ်သော ဇာဗုလုန်အမျိုးသား ငါးသောင်း၊
34 နဿလိအမျိုးသား ဗိုလ်တစ်ထောင်၊ ဒိုင်းနှင့်လှံကို ဆောင်သောသူ သုံးသောင်းခုနစ်ထောင်၊
35 ဒန်အမျိုးထဲက စစ်မှူးစစ်ရေး၌ လေ့ကျက်သောသူ နှစ်သောင်းရှစ်ထောင်ခြောက်ရာ၊
36 အာရှာအမျိုးထဲက ထိုအတူလေ့ကျက်၍ စစ်ချီတတ်သော သူလေးသောင်း၊
37 ယော်ဒန်မြစ်တစ်ဖက် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်ထဲက စစ်တိုက်လက်နက်စုံ အမျိုးမျိုးနှင့်ပြည့်စုံသောသူ တစ်သိန်းနှစ်သောင်းတည်း။
38 စစ်အခင်းအကျင်းမပျက်၊ တိုက်တတ်သောသူ၊ အထက်ဆိုခဲ့ပြီး သောသူအပေါင်းတို့သည် ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ ကြည်ညိုသောစိတ်အားကြီး၍ ဟေဗြုန်မြို့သို့ လာကြ၏။ ကျန်ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့သည်၊ ဒါဝိဒ်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ချင်သော စိတ်သဘော
တညီတညွတ်တည်း ရှိကြ၏။
39 ထိုသူအပေါင်းတို့သည် သုံးရက်ပတ်လုံး အထံတော်၌ စားသောက်လျက်နေကြ၏။ အမျိုးသားချင်းတို့သည် ပြင်ဆင်နှင့်ကြပြီ။
40 အနီးအပါး၌ နေသောသူတို့သည်လည်း၊ သိုးနွားနှင့်တကွ အမဲသား၊ မုန့်ညက်၊ သင်္ဘောသဖန်းသီး၊ စပျစ်သီး၊ စပျစ်ရည်၊ ဆီတည်းဟူသော ရိက္ခာများကို မြည်း၊ ကုလားအုတ်၊ လား၊ နွားအပေါ်မှာတင်လျက် ဣသခါခရိုင်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်မှ ပင့်ဆောင်ခဲ့၍ ဣသရေလအမျိုးသားတို့သည် ပျော်မွေ့ကြ၏။