ဆာလံကျမ်း 97
တန်ခိုးအကြီးဆုံးဘုရင်
1 ထာဝရဘုရားသည် စိုးစံတော်မူ၏။ မြေကြီးသည် ဝမ်းမြောက်၍၊ ကျွန်းများတို့သည်လည်း ရွှင်လန်းကြစေ။
2 မိုးတိမ်နှင့် မှောင်မိုက်တို့သည် ထာဝရဘုရား၏ ပတ်ဝန်းကျင်တို့၌ရှိကြ၏။ တရားသဖြင့် စီရင်ခြင်း၊ ဖြောင့်မတ်စွာ ဆုံးဖြတ်ခြင်းသည် ပလ္လင်တော်၏တည်ရာဖြစ်၏။
3 မီးသည် ရှေ့တော်၌သွား၍၊ ရန်သူတို့ကို အလှည့်လှည့် လောင်လေ၏။
4 လျှပ်စစ်တော်သည် လောကဓာတ်ကို လင်းစေ၏။ မြေကြီးသည် မြင်၍တုန်လှုပ်၏။
5 ထာဝရဘုရားရှေ့၊ မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဖယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။
6 ဖြောင့်မတ်တော်မူခြင်းအကြောင်းကို ကောင်းကင်တို့သည်ထင်ရှားစွာပြ၍၊ လူများအပေါင်းတို့သည် ဘုန်းတော်ကို မြင်ရကြ၏။
7 ရုပ်တုဆင်းတုကို ဝတ်ပြုသောသူ၊ အချည်းနှီးသက်သက်သောအရာ၌ ဝါကြွားသောသူအပေါင်းတို့သည် အရှက်ကွဲခြင်းရှိကြစေ။ ဘုရားအပေါင်းတို့၊ ထာဝရဘုရားကို ပျပ်ဝပ်ကိုးကွယ်ကြလော့။
8 အိုထာဝရဘုရား၊ ကိုယ်တော်သည် တရားစီရင်တော်မူချက်တို့ အကြောင်းကြောင့်၊ ဇိအုန်မြို့သည် ကြား၍ ရွှင်လန်းပါ၏။ ယုဒသတို့သမီးတို့လည်း ဝမ်းမြောက်ကြပါ၏။
9 အိုထာဝရဘုရား၊ ကိုယ်တော်သည် မြေကြီးသားအပေါင်းတို့ထက် ကြီးမြင့်တော်မူ၏။ ဘုရားတကာတို့ထက် အလွန်ချီးမြှောက်ခြင်း ရှိတော်မူ၏။
10 ထာဝရဘုရားကို ချစ်သောသူတို့၊ မကောင်းသောအမှုကို ရွံရှာကြလော့။ ကိုယ်တော်၏သန့်ရှင်းသူတို့၏ အသက်ဝိညာဉ်ကို စောင့်မတော်မူ၍၊ မတရားသောသူတို့၏လက်မှလည်း ကယ်နုတ်တော်မူ၏။
11 အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သော သူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။
12 ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ကြလော့။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းကြလော့။