ဆာလံကျမ်း 95
ထောမနာသီချင်း
1 လာကြ။ ထာဝရဘုရားအား ရွှင်လန်းစွာသီချင်းဆိုကြကုန်အံ့။ ငါတို့သည် ကယ်တင်ခြင်းသို့ရောက်ရာ ကျောက်ကို ကျူးဧကြကုန်အံ့။
2 ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍၊ ဆာလံသီချင်းဆိုလျက် ကျူးဧသောအသံကို ပြုကြကုန်အံ့။
3 ထာဝရဘုရားသည် ကြီးမြတ်သောဘုရား၊ ဘုရားတကာတို့ထက် ကြီးမြတ်သောဘုရင် ဖြစ်တော်မူ၏။
4 မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။
5 ပင်လယ်ကိုလည်း ဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။
6 လာကြ။ ပျပ်ဝပ်၍ ကိုးကွယ်ကြကုန်အံ့။ ငါတို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရား၏ ရှေ့တော်၌ ဒူးထောက်ကြကုန်အံ့။
7 ထာဝရဘုရားသည် ငါတို့၏ဘုရားဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ အထံတော်၌ ကျက်စားသောသူ၊ လက်တော်အောက်၌ နေသောသိုးစုဖြစ်ကြ၏။
8 ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြားလျက် ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။Ref ၉၅:၇-၈။ ဟေဗြဲ ၃:၁၅၊၄-၇။
9 သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကိုအနည်းနည်းစုံစမ်း၍၊ ငါ၏အမှုတို့ကို မြင်ရသောတောတွင်၊ ငါ့ကိုဆန့်ကျင်ဘက်ပြု၍၊ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။Ref ၉၅:၈-၉။ ထွ ၁၇:၁-၇။ တော၊ ၂၀:၂-၁၃။
10 ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် စိတ်သဘော မှားယွင်းတတ်သောလူမျိုးဖြစ်ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။
11 ထိုကြောင့် သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆို၏။Ref ၉၅:၁၁။ တော ၁၄:၂၀-၂၃။ တရား၊ ၁:၃၄-၃၆။ ဟေဗြဲ၊ ၄:၃၊၅။ တရား၊ ၁၂:၉-၁၀။