ဆာလံကျမ်း 58
လူဆိုးတို့​ကို​ဒဏ်​ခတ်​ရန်ဆု​တောင်း
အိုလူသားတို့၊ အကယ်စင်စစ် သင်တို့သည် စကားဖြောင့်ကြသလော။ တရားသဖြင့် စီရင်ကြသလော။ အကယ်စင်စစ် သင်တို့သည် မတရားသောအကြံကို ကြံစည်၍ မြေကြီးပေါ်မှာ ကိုယ်လက်နှင့်ပြုသော ညှဉ်းဆဲခြင်းကို ချိန်တတ်ကြ၏။ မတရားသော သူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းက လမ်းလွှဲ၍ မုသားစကားကို ပြောတတ်ကြ၏။ သူတို့အဆိပ်သည် မြွေအဆိပ်နှင့် တူ၏။ နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ လိမ္မာသောအလမ္ပယ်မြွက်ဆိုသော မန္တရားစကားကို နားမထောင်ဘဲနေသကဲ့သို့ ဖြစ်ကြ၏။
အိုဘုရားသခင်၊ သူတို့ပါးစပ်ထဲမှာ သွားများကိုချိုးတော်မူပါ။ အို ထာဝရဘုရား၊ ခြင်္သေ့တို့၏ အံသွားများကို ချိုးတော်မူပါ။ ထိုသူတို့သည် စီးသောရေကဲ့သို့ ကွယ်ပျောက်ကြပါစေသော။ လေးကိုတင်သောအခါ မြားတို့သည် ကျိုးသကဲ့သို့ ဖြစ်ကြပါစေသော။ ခရုသည်သွားစဉ်တွင် ရွေ့လျော့သကဲ့သို့လည်းကောင်း၊ ပျက်သောကိုယ်ဝန်သည် နေရောင်ကို မမြင်ရသကဲ့သို့လည်းကောင်း ဖြစ်ကြပါစေသော။ ဆူးပင်နှင့် မွေးသောမီးပူမှန်းကို အိုးတို့သည်မသိမီ၊ အသက်ရှင်သောဆူးပင်နှင့် မီးလောင်လျက်ရှိသော ဆူးပင်တို့ကို လေပွေတိုက်သွားပါစေသော။ 10 ဖြောင့်မတ်သောသူသည် ထိုသို့သောဒဏ်ပေးခြင်းကို မြင်၍ ဝမ်းမြောက်ပါလိမ့်မည်။ မတရားသောသူတို့၏ အသွေး၌ မိမိခြေတို့ကို ဆေးပါလိမ့်မည်။ 11 သူတစ်ပါးကလည်း၊ ဖြောင့်မတ်သောသူသည် အကျိုးကို ဧကန်အမှန်ခံရ၏။ မြေကြီးပေါ်မှာ တရားစီရင်သော ဘုရားသခင်သည် ဧကန်အမှန်ရှိတော်မူသည်ဟု ဝန်ခံကြပါလိမ့်မည်။