ဆာလံကျမ်း 54
ရန်သူကိုကွယ်ကာရန်ဆုတောင်း
"ဒါဝိဒ်သည် ကျွန်တော်တို့တွင်ပုန်းရှောင်၍ နေပါသည်မဟုတ်လောဟု၊ ဇိဖသားတို့သည် ရှောလုထံသို့လာ၍ လျှောက်သောအခါ စပ်ဆိုသောဆာလံ။"
(၁ရာ ၂၃း၁၉, ၂၆း၁)
1 အိုဘုရားသခင်၊ နာမတော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ တန်ခိုးတော်အားဖြင့် အကျွန်ုပ်ဘက်၌ တရားစီရင်တော်မူပါ။
2 အကျွန်ုပ်ပြုသောပတ္ထနာနှင့် အကျွန်ုပ်မြွက်သောစကားကို နားထောင်နားညောင်းတော်မူပါဘုရား။
3 အကြောင်းမူကား၊ တစ်ကျွန်းတစ်နိုင်ငံသားတို့သည် အကျွန်ုပ်ကိုရန်ဘက်ပြု၍ ထကြပါပြီ။ ကြမ်းတမ်းသောသူတို့သည် အကျွန်ုပ်အသက်ကို ရှာကြပါ၏။ ဘုရားသခင်၏မျက်နှာတော်ကို မထောက်ကြပါ။
4 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကူမတော်မူ၏။ ငါ့အသက်ကို ထောက်ပင့်သောသူတို့တွင် ထာဝရဘုရား ရှိတော်မူ၏။
5 ငါ၏ရန်သူတို့အား မကောင်းသောအကျိုးကို ဆပ်ပေးတော်မူမည်။ သစ္စာတော်ရှိသည်အတိုင်း သူတို့ကို ပယ်ရှင်းတော်မူပါ။
6 အကျွန်ုပ်သည်လည်း၊ စေတနာစိတ်နှင့် ကိုယ်တော်အားယဇ်ပူဇော်ပါမည်။ အိုထာဝရဘုရား၊ နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကောင်းမြတ်တော်မူ၏။
7 အကျွန်ုပ်ကို ခပ်သိမ်းသောဒုက္ခထဲက ကယ်နုတ်တော်မူသဖြင့်၊ အကျွန်ုပ်သည် ရန်သူတို့ကို ကိုယ်မျက်စိနှင့်မြင်၍ အားရပါ၏။