ဆာလံကျမ်း 20
အောင်​ပွဲ​ခံရာ​ဆု​တောင်း
ဘေးအန္တရာယ်ရောက်သောကာလ၌၊ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍၊ ယာကုပ်၏ ဘုရားသခင်နာမတော်သည် ချီးမြှောက်တော်မူပါစေသော။ သန့်ရှင်းရာဌာနတော်ထဲကကူညီ၍၊ ဇိအုန်တောင်ပေါ်က ထောက်ပင့်တော်မူပါစေသော။ ကိုယ်တော်၏ပူဇော်သကာအလုံးစုံတို့ကို အောက်မေ့၍၊ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။ ကိုယ်တော်၏စိတ်အလိုရှိသည်အတိုင်း ပေးသနား၍၊ အကြံအစည်တော်ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှာ ပြုတော်မူပါစေသော။ ကိုယ်တော်၏ကယ်တင်ခြင်းကြောင့် အကျွန်ုပ်တို့သည်ဝမ်းမြောက်၍၊ အကျွန်ုပ်တို့ ဘုရားသခင်၏အခွင့်နှင့် အလံကိုထူကြလိမ့်မည်။ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော။
ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား၊ ကယ်တင်တော်မူကြောင်းကိုလည်းကောင်း၊ လက်ယာလက်တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော်မူကြောင်းကိုလည်းကောင်း ယခုငါသိ၏။ အချို့သောသူတို့သည် ရထားကိုလည်းကောင်း၊ အချို့တို့သည် မြင်းကိုလည်းကောင်း၊ ချီးမွမ်းတတ်ကြ၏။ ငါတို့မူကား၊ ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ သူတို့သည်နှိမ့်ချ၍ လဲလျက်ရှိကြ၏။ ငါတို့မူကား၊ ထ၍ မတ်တတ်နေကြ၏။ အိုထာဝရဘုရား၊ မင်းကြီးကို ကယ်တင်တော်မူပါ။ အကျွန်ုပ်တို့ခေါ်သောအခါ နားထောင်တော်မူပါ။