ဆာလံကျမ်း 142
ကူ​မ​တော်​မူ​ရန်​ဆု​တောင်း​
ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်၏။ ငါ့အသံကို ထာဝရဘုရားထံသို့ လွှင့်၍ ဆုတောင်းပတ္ထနာပြု၏။ ရှေ့တော်၌ မြည်တမ်းသောစကားကို မြွက်၍၊ ခံရသောဆင်းရဲဒုက္ခကို ကြားလျှောက်ရ၏။ အကျွန်ုပ်သည် စိတ်ပျက်လျက်ရှိသောအခါ၊ အကျွန်ုပ်သွားသောလမ်းကို ကိုယ်တော်သိတော်မူ၏။ အကျွန်ုပ်သွားသောလမ်း၌ ကျော့ကွင်းကို ဝှက်ထားကြပါပြီ။ လက်ယာဘက်သို့ အကျွန်ုပ်ကြည့်ရှုသောအခါ၊ အကျွန်ုပ်သိကျွမ်းသောသူ မရှိပါ။ ပြေးလွတ်ရာလမ်းလည်း ပိတ်ပါ၏။ အကျွန်ုပ်အသက်ကို နှမြောသောသူ မရှိပါ။ အိုထာဝရဘုရား၊ ကိုယ်တော်ကို အော်ဟစ်ပါ၏။ အသက်ရှင်သောသူတို့၏နေရာ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ အကျွန်ုပ်ခံစားရာအဖို့ ဖြစ်တော်မူ၏။ အလွန်နှိမ့်ချလျက်နေသော အကျွန်ုပ်၏ကြွေးကြော်သံကို နားထောင်တော်မူပါ။ အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့လက်မှ ကယ်နုတ်တော်မူပါ။ သူတို့သည် အကျွန်ုပ်ထက်သာ၍ ခွန်အားကြီးကြပါ၏။ နာမတော်ကို အကျွန်ုပ်ချီးမွမ်းရမည်အကြောင်း၊ အကျွန်ုပ်ကို ထောင်ထဲက နုတ်ဆောင်တော်မူပါ။ ထိုသို့ ကျေးဇူးပြုတော်မူသောအခါ၊ ဖြောင့်မတ်သောသူတို့သည် အကျွန်ုပ်ကို ဝန်းရံလျက်နေရကြပါလိမ့်မည်။