ဆာလံကျမ်း 138
ကျေး​ဇူး​တော်​ချီး​မွမ်း​ခြင်း
အိုထာဝရဘုရား၊ ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့ အကျွန်ုပ်ချီးမွမ်းပါမည်။ အခြားတစ်ပါးသော ဘုရားတို့ရှေ့မှာ ကိုယ်တော်ကို ထောမနာသီချင်းဆိုပါမည်။ သန့်ရှင်းသော ဗိမာန်တော်သို့ မျက်နှာပြုလျက် ပျပ်ဝပ်ကိုးကွယ်၍ ကရုဏာတော်နှင့် သစ္စာတော်ကြောင့် နာမတော်ကိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ကတိတော်ကို သတင်းတော်ရှိသမျှထက် ချီးမြှောက်တော်မူပြီ။ အကျွန်ုပ်အော်ဟစ်သောနေ့တွင် နားထောင်တော်မူ၍၊ စိတ်ဝိညာဉ်ထဲသို့ ခွန်အားကိုသွင်းသဖြင့်၊ အကျွန်ုပ်ကို ခိုင်မာစေတော်မူ၏။ အိုထာဝရဘုရား၊ လောကီရှင်ဘုရင်အပေါင်းတို့သည် နှုတ်တော်ထွက်စကားတို့ကို ကြားရသည်ဖြစ်၍၊ ဂုဏ်တော်ကို ချီးမွမ်းကြပါလိမ့်မည်။ ထာဝရဘုရား၏လမ်းခရီးတော်တို့၌ လိုက်၍ သီချင်းဆိုကြပါလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဘုန်းကြီးတော်မူ၏။ ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း၊ စိတ်နှိမ့်ချသော သူတို့ကို ကြည့်ရှုတော်မူ၏။ စိတ်မြင့်သော သူတို့ကိုကား၊ အဝေးကသိတော်မူ၏။ အကျွန်ုပ်သည် ဆင်းရဲဒုက္ခများ၌ ကျင်လည်သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေတော်မူလိမ့်မည်။ လက်တော်ကိုဆန့်လျက်၊ ရန်သူတို့၏ အမျက်ဒေါသကိုဆီးတား၍၊ လက်ယာလက်တော်အားဖြင့် အကျွန်ုပ်ကို ကယ်တင်တော်မူလိမ့်မည်။ ထာဝရဘုရားသည် ငါ၏အမှုကို ပြီးစီးစေတော်မူမည်။ အိုထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲ တည်ပါသည်ဖြစ်၍၊ ကိုယ်တော်၏လက်နှင့်ပြုစုသော အမှုတို့ကို စွန့်ပစ်တော်မမူပါနှင့်။