ဆာလံကျမ်း 126
၀မ်းမြောက်မှုရိတ်သိမ်းခြင်း
ဖမ်းသွားချုပ်ထားသော ဇိအုန်သားတို့ကို ထာဝရဘုရားပြန်လာစေတော်မူသောအခါ၊ ငါတို့သည် အိပ်မက်သောသူကဲ့သို့ ဖြစ်ကြ၏။ ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်လည်းကောင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်လည်းကောင်း ပြည့်ဝ၏။ တစ်ပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီဟု ဆိုကြ၏။ ထာဝရဘုရားသည် ငါတို့အဖို့ ကြီးသောအမှုကိုပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏။ အိုထာဝရဘုရား၊ ဖမ်းသွားချုပ်ထားခြင်းကိုခံရသော အကျွန်ုပ်တို့ကို တောင်မျက်နှာချောင်းရေကဲ့သို့ တစ်ဖန် ပြန်လာစေတော်မူပါ။ မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့သည် ရွှင်လန်းလျက် စပါးရိတ်ကြလိမ့်မည်။ မျက်ရည်ကျလျက် ကြဲရန်မျိုးစေ့ကိုဆောင်၍ ထွက်သွားသောသူသည်၊ ကောက်လှိုင်းများကိုဆောင်လျက် ရွှင်လန်းသောစိတ်နှင့် အမှန်ပြန်လာလိမ့်မည်။