ဆာလံကျမ်း 101
ဘု​ရင်​၏​က​တိ​တော်
ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကိုအကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။ စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသောစိတ်နှလုံးနှင့် ကျင့်ပါမည်။ အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲသောသူ၏အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။ သဘောကောက်သောသူသည် ငါ့ထံမှထွက်သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဖော်။ မိမိအိမ်နီးချင်း၏အသရေကို တိတ်ဆိတ်စွာဖျက်သောသူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။ သစ္စာရှိသော ပြည်သားတို့သည် ငါ့ထံမှာနေမည်အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏အမှုကိုဆောင်ရွက်ရမည်။ လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌မနေရ။ မုသားစကားကို ပြောတတ်သောသူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။ ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီးလေအံ့သတည်း။