3
နာခံလိုက်လျှောက်ရန်
1 ငါ့သား၊ ငါပေးသောတရားကို မမေ့နှင့်။ ငါ့ပညတ်တို့ကို သင်၏နှလုံးစောင့်ရှောက်ပါစေ။
2 အကြောင်းမူကား၊ ပညတ်တရားသည် အသက်တာရှည်သော ကာလနှစ်ပေါင်းများကိုလည်းကောင်း၊ ငြိမ်ဝပ်ခြင်းကိုလည်းကောင်း တိုးပွားစေလိမ့်မည်။
3 ကရုဏာတရားနှင့် သစ္စာတရားကို သင်နှင့်မကွာစေနှင့်။ ထိုတရားတို့ကို သင်၏လည်ပင်း၌ ဆွဲထားလော့။ နှလုံးအင်းစာရင်း၌ ရေးသွင်းလော့။
4 ထိုသို့ပြုလျှင် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာမျက်နှာရ၍၊ ကျေးဇူးကိုခံရလိမ့်မည်။Ref ၃း၄။ လု ၂း၅၂။ ရော၊ ၁၂း၁၇။ ၂ကော၊ ၈း၂၁။
5 ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။
6 သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။
7 ငါသည်ပညာရှိ၏ဟု ကိုယ်ကိုမထင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ ဒုစရိုက်ကိုရှောင်လော့။Ref ၃း၇။ ရော ၁၂း၁၆။
8 သို့ပြုလျှင်၊ သင်၏အကြောတို့သည် အားသန်၍၊ အရိုးတို့သည် ခြင်ဆီနှင့် ပြည့်စုံကြလိမ့်မည်။
9 သင်သည် ကိုယ်ဥစ္စာနှင့် အဦးသီးသောအသီးအနှံရှိသမျှကို ထာဝရဘုရားအား ပူဇော်လော့။
10 သို့ပြုလျှင်၊ သင်၏စပါးကျီတို့သည် ကြွယ်ဝ၍၊ စပျစ်သီးနယ်ရာတန်ဆာတို့ကို အသစ်သော စပျစ်ရည်လျှံလိမ့်မည်။
11 ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။Ref ၃း၁၁။ ယောဘ ၅း၁၇။
12 ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။Ref ၃း၁၂။ ဗျာ ၃း၁၉။ Ref ၃း၁၁-၁၂။ ဟေဗြဲ ၁၂း၅-၆။
စစ်မှန်သောရတနာ
13 ဉာဏ်ပညာကို ရှာ၍ရသောသူသည် မင်္ဂလာရှိ၏။
14 အကြောင်းမူကား၊ ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက်သာ၍ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက်သာ၍ကောင်း၏။
15 ပညာသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။ နှစ်သက်ဖွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
16 သူ၏လက်ယာလက်၌ အသက်တာရှည်သောကာလ၊ လက်ဝဲလက်၌ စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။
17 ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာလမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။
18 ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင်ကိုရပြီ။ လက်မလွှတ်သောသူသည် မင်္ဂလာရှိ၏။
ဖန်ဆင်းတော်မူခြင်းပညာ
19 ထာဝရဘုရားသည် ပညာတော်အားဖြင့် မြေကြီးကိုတည်၍၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ပြင်ဆင်တော်မူပြီ။
20 သိပ္ပံအတတ်တော်အားဖြင့် နက်နဲသောအရပ်အက်ကွဲ၍၊ မိုးတိမ်မှလည်း နှင်းရည်ကျတတ်၏။
စစ်မှန်သောလုံခြုံမှု
21 ငါ့သား၊ ပညာရတနာနှင့် သမ္မာသတိကို သင့်မျက်မှောက်မှ မကွာစေဘဲ၊ အစဉ်စောင့်ရှောက်လော့။
22 သို့ပြုလျှင်၊ ထိုရတနာတို့သည် သင်၏ဝိညာဉ်၌အသက်၊ သင်၏လည်ပင်း၌ ဂုဏ်အသရေဖြစ်လိမ့်မည်။
23 သင်သည် ခရီးသွားရာ၌ဘေးမရှိ။ ခြေမတိုက်မိဘဲ သွားလိမ့်မည်။
24 အိပ်သောအခါ ကြောက်စရာမရှိရ။ ကောင်းမွန်စွာအိပ်ပျော်ရလိမ့်မည်။
25 လျင်မြန်သောဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေးကို ကြောက်စရာမရှိရ။
26 အကြောင်းမူကား၊ ထာဝရဘုရားသည် သင်ယုံကြည်ကိုးစားရာဖြစ်၍၊ သင်၏ခြေကို မကျော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည်။
27 ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။
28 အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တစ်ဖန်လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟု မပြောနှင့်။
29 စိုးရိမ်ခြင်းမရှိဘဲ သင့်အနားမှာနေသော အိမ်နီးချင်း၌ မကောင်းသောအကြံကိုမကြံနှင့်။
30 သင်၌အပြစ်မပြုသောသူကို အကြောင်းမရှိဘဲရန်မတွေ့နှင့်။
31 ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သော လမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။
32 အကြောင်းမူကား၊ ထာဝရဘုရားသည် သဘောကောက်သောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မတ်သောသူတို့မူကား၊ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့ရသောအခွင့်ရှိကြ၏။
33 မတရားသောသူ၏နေရာသည် ထာဝရဘုရားကျိန်တော်မူခြင်းကို တွေ့တတ်၏။ တရားသောသူ၏နေရာကိုကား ကောင်းချီးပေးတော်မူ၏။
34 အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။Ref ၃း၃၄။ ယာ ၄း၆။ ၁ပေ၊ ၅း၅။
35 ပညာရှိသောသူတို့သည် ဘုန်းအသရေကိုအမွေခံရ၍၊ မိုက်သောသူတို့မူကား၊ အရှက်ကွဲခြင်းကို ထမ်းသွားရကြလိမ့်မည်။