24
1 မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဖော်ခြင်းငှာ အလိုမရှိနှင့်။
2 သူတို့သည် ဖျက်ဆီးခြင်းငှာ နှလုံးကြံစည်တတ်၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
3 ဉာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
4 ပညာအတတ်အားဖြင့် အခန်းများတို့သည် အဖိုးထိုက်၍၊ နှစ်သက်ဖွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
5 ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွားတတ်၏။
6 ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သောသူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
7 ပညာမြင့်သောကြောင့် မိုက်သောသူမမီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
8 မကောင်းသောအမှုကိုပြုခြင်းငှာ ကြံစည်သောသူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
9 မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့မြင်ပြုသောသူသည်လည်း၊ လူစက်ဆုပ်ရွံရှာဖွယ် ဖြစ်၏။
10 သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင်အားနည်း၏။
11 သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နုတ်အံ့သောငှာ၊ အားမထုတ်ဘဲနေလျက်၊
12 ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ်မပေးဘဲ နေတော်မူမည်လော။
13 ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စားလော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
14 ထိုအတူ၊ သင်တွေ့ရသော ပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့် ပြည့်စုံ၍၊ သင်သည် မျှော်လင့်ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
15 အို မတရားသောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို ချောင်း၍မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
16 ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
17 သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
18 ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက်ဘဲ သူမှအမျက်တော်ကို လွှဲတော်မူမည်။
19 မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မလူတို့ကို မငြူစူနှင့်။
20 အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏မီးခွက်သည် သေလိမ့်မည်။
21 ငါ့သား၊ ထာဝရဘုရားကိုလည်းကောင်း၊ ရှင်ဘုရင်ကိုလည်းကောင်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှောမပေါင်းဖော်နှင့်။
22 သူတို့ဘေးသည် ချက်ချင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏အဆုံးကို အဘယ်သူသိသနည်း။
ပညာရှိတို့၏ဆုံးမစကားများအဆက်
23 ထိုမှတစ်ပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူကား၊ တရားတွေ့မှုစီရင်ရာတွင် လူမျက်နှာကို မထောက်ကောင်း။
24 သင်သည်ဖြောင့်မတ်၏ဟု မတရားသောသူအားဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
25 ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းချီးမင်္ဂလာကို ခံလျက်ရှိကြလိမ့်မည်။
26 မှန်သောစကားကို ပြန်ပြောတတ်သောသူ၏နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
27 ပြင်အရပ်မှာ သင်၏အလုပ်ကို ပြင်လော့။ လယ်တော၌ ကိုယ်အဖို့ ပြင်ဆင်လော့။ နောက်မှ သင်၏နေရာအိမ်ကို ဆောက်လော့။
28 သင်၏အိမ်နီးချင်းတစ်ဖက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတစ်ပါးကို မလှည့်စားနှင့်။
29 သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေးမည်ဟု မဆိုနှင့်။
30 ပျင်းရိသောသူ၏လယ်ယာအနားနှင့်၊ ဉာဏ်မရှိသောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါလျှောက်သွားစဉ်၊
31 ဆူးပင်များပြား၍၊ မြေတစ်ပြင်လုံး၌ ဆူးလေပင်အနှံ့အပြားလွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
32 ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင်ခြင်းကို ခံရ၏။
33 ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်းငှာ၊ ခဏလက်ချင်းပိုက်လျက်နေစဉ်တွင်၊
34 ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့လည်းကောင်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်းကောင်း ရောက်လာလိမ့်မည်။