35
လေ​ဝိ​အ​နွယ်​အ​မွေခံ​မြို့​များ
မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တစ်ဖက်၌ ထာဝရဘုရားသည် မောရှေကိုခေါ်တော်မူ၍၊Ref ၃၅:၁-၈။ ယောရှု ၂၁:၁-၄၂။ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။ ထိုမြို့တို့သည် လေဝိသားနေစရာဖို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။ လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တစ်ထောင် ကျယ်စေရမည်။ မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက်အရပ်လေးမျက်နှာ၌ နှစ်ထောင်စီတိုင်းထွာ၍၊ ထိုမြေအလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ်အတိုင်း အရှည်ဖြစ်ရသတည်း။ လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကိုသတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့များအပြင် အခြားသော မြို့လေးဆယ်နှစ်မြို့တို့ကို ပေးရမည်။ ထိုသို့လေဝိသားတို့အား ပေးရသောမြို့ပေါင်းကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ ဖြစ်သတည်း။ ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲကနုတ်ရမည်။ များသောမြေကိုရသောသူသည် များသောမြို့၊ နည်းသောမြေကိုရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးအသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲကနုတ်၍ လေဝိသားတို့အားပေးရမည်။
ခို​လှုံ​ရာ​မြို့​များ​
(တ​ရား ၁၉:၁-၁၃ ယော​ရှု ၂၀:၁-၉)
တစ်ဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊Ref ၃၅:၉-၂၈။ တရား ၁၉:၂-၄။ ယောရှု၊ ၂၀:၁-၉။ 10 သင်တို့သည် ယော်ဒန်မြစ်ကိုကူး၍၊ ခါနာန်ပြည်သို့ရောက်ကြသောအခါ၊ 11 လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှီခိုရာမြို့တို့ကို ရွေးထားရမည်။ 12 ထိုမြို့တို့ကား၊ လူအသက်ကိုသတ်သောသူသည် ပရိသတ်ရှေ့သို့ရောက်၍၊ တရားစီရင်ခြင်းကို မခံမီတိုင်အောင်၊ သေစားသေစေသောသူ၏ လက်မှလွတ်၍ မှီခိုရာမြို့ဖြစ်ရသတည်း။ 13 လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန်မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊ 14 ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့တို့ကို ရွေးထားရမည်။ 15 ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ်တမဲ့သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင်တည်းခိုသော တစ်ပါးသောအမျိုးသားတို့သည်ပြေး၍ မှီခိုရာမြို့ဖြစ်သတည်း။ 16 သို့ရာတွင် လူအသက်ကိုသေစေခြင်းငှာ၊ သံလက်နက်နှင့်ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 17 လူအသက်ကိုသေစေခြင်းငှာ ကျောက်ခဲနှင့်ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ 18 လူအသက်ကိုသေစေခြင်းငှာ သစ်သားလက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။ 19 သေစားသေစေသောသူသည် လူသတ်ကိုတွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။ 20 သူတစ်ပါးကို အငြိုးထား၍တွန်းချသော်လည်းကောင်း၊ သေစေခြင်းငှာ ချောင်းမြောင်း၍ တစ်စုံတစ်ခုနှင့်ပစ်သော်လည်းကောင်း၊ 21 သေစေခြင်းငှာ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက်သော်လည်းကောင်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေသောသူသည် တွေ့သောအခါသတ်ရမည်။ 22 သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့တွန်းချသော်လည်းကောင်း၊ မချောင်းမြောင်းဘဲ တစ်စုံတစ်ခုနှင့် ပစ်မိသော်လည်းကောင်း၊ 23 သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကိုမမြင်ဘဲလျက် သေအောင်ကျောက်ခဲနှင့် ပစ်မိသော်လည်းကောင်း၊ 24 ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌တရားစီရင်၍၊ 25 သတ်သောသူကို သေစားသေစေသောသူ၏လက်မှနုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဓမ္မဆီလောင်းခြင်းကိုခံရသော ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင် ထိုမြို့၌နေရမည်။ 26 လူအသက်ကိုသတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊ 27 သေစားသေစေသောသူသည် မြို့နယ်ပြင်မှာ ထိုသူကိုတွေ့၍သတ်လျှင်၊ လူအသက်ကိုသတ်သော အပြစ်မရှိ။ 28 အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ်မင်း မသေမီတိုင်အောင်၊ မိမိမှီခိုသောမြို့ထဲမှာ နေရမည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူသည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။ 29 ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက်စောင့်ရသော စီရင်ထုံးဖွဲ့ချက်ဖြစ်သတည်း။ 30 လူအသက်ကိုသတ်၍ လူသတ်ဖြစ်သောသူမည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေတစ်ယောက်တည်းသာရှိလျှင် မသတ်ရ။Ref ၃၅:၃၀။ တရား ၁၇:၆၊၁၉:၁၅။ 31 အသေခံထိုက်သောလူသတ်၏ အသက်ဖိုးငွေကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ 32 မှီခိုရာမြို့သို့ပြေးသောသူသည်၊ ယဇ်ပုရောဟိတ်မင်းမသေမီ၊ မိမိနေရင်းအရပ်သို့ ပြန်၍နေမည်အကြောင်း၊ အရွေးငွေကို မခံမယူရ။ 33 ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။ 34 ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ်ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသားတို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။