20
ကျောက်ထဲမှရေ
(ထွ ၁၇:၁-၇)
1 သက္ကရာဇ်လေးဆယ်၊ ပထမလ၌ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ဇိနတောသို့ရောက်၍၊ ကာဒေရှအရပ်၌ နေကြ၏။ ထိုအရပ်၌ မိရိအံသေ၍ သင်္ဂြိုဟ်လေ၏။
2 ပရိသတ်တို့ သောက်စရာရေမရှိသောကြောင့်၊ မောရှေနှင့် အာရုန်တစ်ဖက်၌ စုဝေးကြလျက်၊Ref ၂၀:၂-၁၃။ ထွ ၁၇:၁-၇။
3 ထာဝရဘုရားရှေ့မှာ ငါတို့အစ်ကိုများသေသောအခါ၊ ငါတို့လည်းမသေပါလေ။
4 ငါတို့နှင့် ငါတို့တိရစ္ဆာန်များကို သေစေခြင်းငှာ၊ ထာဝရဘုရား၏ပရိသတ်ကို ဤတောသို့ အဘယ်ကြောင့်ဆောင်ခဲ့သနည်း။
5 ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကိုအပြစ်တင်၍ ဆိုကြ၏။
6 မောရှေနှင့်အာရုန်တို့သည် လူအစုအဝေးမှထွက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝသို့သွားသဖြင့်၊ ပျပ်ဝပ်လျက်နေကြစဉ်၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှားလေ၏။
7 ထာဝရဘုရားကလည်း၊
8 လှံတံတော်ကိုကိုင်ယူ၍ သင်၏အစ်ကိုအာရုန်ပါလျက်၊ ပရိသတ်များကို စုဝေးစေလော့။ သူတို့ရှေ့မှာ ကျောက်ကိုမှာထားလော့။ ကျောက်သည် မိမိရေကိုပေးလိမ့်မည်။ထိုသို့သင်သည်ကျောက်ထဲက ရေကိုထွက်စေ၍၊ ပရိသတ်များနှင့် သူတို့တိရစ္ဆာန်များတို့အား သောက်ဖို့ရေကိုပေးရမည်ဟု၊
9 မောရှေအား မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လှံတံတော်ကို ထာဝရဘုရားရှေ့တော်ကယူ၍၊
10 အာရုန်ပါလျက်၊ ပရိသတ်တို့ကိုကျောက်ရှေ့မှာ စုဝေးစေပြီးလျှင်၊ အချင်းသူပုန်တို့၊ နားထောင်ကြလော့။ ငါတို့သည်သင်တို့အဖို့ ဤကျောက်ထဲက ရေကိုထွက်စေရမည်လောဟု ဆိုလျက်၊
11 မိမိလက်ကိုဆန့်၍ ကျောက်ကိုလှံတံနှင့် နှစ်ကြိမ်ရိုက်သဖြင့်၊ ရေသည် များစွာထွက်၍၊ လူပရိသတ်တို့နှင့် တိရစ္ဆာန်တို့သည် သောက်ရကြ၏။
12 ထာဝရဘုရားကလည်း၊ သင်တို့သည် ငါ့ကိုမယုံကြည်၊ ဣသရေလအမျိုးသားတို့ရှေ့မှာ ငါ့ကိုမရိုမသေပြုသောကြောင့်၊ ဤပရိသတ်တို့အား ငါပေးသောပြည်သို့ သင်တို့သည် ပို့ဆောင်သောအခွင့်ကိုမရကြဟု မောရှေနှင့်အာရုန်တို့အား မိန့်တော်မူ၏။
13 ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြုသော်လည်း၊ သူတို့တွင် ရိုသေလေးမြတ်ခြင်းကို ခံတော်မူသောကြောင့်၊ ထိုရေသည် မေရိဘရေဖြစ်သတည်း။
ဖြတ်သန်းခွင့်ကိုဧဒုံပြည်ငြင်းဆန်ခြင်း
14 မောရှေသည် ကာဒေရှအရပ်မှ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်တို့ကိုစေလွှတ်၍၊ ကိုယ်တော့်ညီ ဣသရေလက၊ အကျွန်ုပ်တို့တွေ့ရသော အမှုအလုံးစုံတည်းဟူသော၊
15 အကျွန်ုပ်တို့ဘိုးဘေးသည် အဲဂုတ္တုပြည်သို့သွား၍ အကျွန်ုပ်တို့သည် အဲဂုတ္တုပြည်မှာ ကာလကြာမြင့်စွာနေသဖြင့်၊ အဲဂုတ္တုလူတို့သည် အကျွန်ုပ်တို့နှင့် ဘိုးဘေးများကိုညှဉ်းဆဲကြောင်း၊
16 အကျွန်ုပ်တို့သည် ထာဝရဘုရားကိုအော်ဟစ်သောအခါ၊ ကောင်းကင်တမန်ကို စေလွှတ်၍၊ အကျွန်ုပ်တို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူကြောင်းကို ကိုယ်တော်သိပါ၏။ ယခုမှာ အကျွန်ုပ်တို့သည် ကိုယ်တော်၏နိုင်ငံအစွန်အနား၊ ကာဒေရှအရပ်၌ရှိကြပါ၏။
17 ကိုယ်တော့်ပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မနင်းပါ။ တွင်းရေကိုလည်း မသောက်ပါ။ ကိုယ်တော့်ပြည်နယ်ကို မလွန်မီတိုင်အောင်၊ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲ၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု တောင်းပန်စေ၏။
18 ဧဒုံကလည်း၊ သင်သည်ငါ့ပြည်အလယ်၌ မလျှောက်မသွားရ။ လျှောက်သွားလျှင်၊ ဓားလက်နက်နှင့် ဆီးတားမည်ဟုပြန်ပြော၏။
19 ဣသရေလအမျိုးသားတို့ကလည်း၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်။ ကိုယ်တိုင်မှစ၍ တိရစ္ဆာန်တို့သည် ကိုယ်တော့်ရေကိုသောက်လျှင် အဖိုးကိုပေးပါမည်။ အခြားသောအမှုကိုမပြုဘဲ၊ ခြေဖြင့်သွားရုံမျှသာပြုပါမည်ဟု ဆိုသော်လည်း၊
20 ဧဒုံက၊ သင်သည်လျှောက်၍မသွားရဟု ဆိုလျက်၊ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားခြင်းငှာထွက်လာ၏။
21 ထိုသို့ဧဒုံသည် သူ၏ပြည်အလယ်၌ လျှောက်သွားသောအခွင့်ကို ဣသရေလအား မပေးသောကြောင့်၊ ဣသရေလသည် လွှဲရှောင်လေ၏။
အာရုန်အနိစ္စရောက်ခြင်း
22 ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည် ကာဒေရှအရပ်မှပြောင်း၍ ဟောရတောင်သို့ရောက်ကြ၏။
23 ဧဒုံပြည်စွန်နား၊ ဟောရတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေနှင့် အာရုန်တို့ကိုခေါ်၍၊
24 သင်တို့သည် မေရိဘစမ်းရေနားမှာ ငါ့စကားကိုဆန့်ကျင်သောကြောင့်၊ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်သို့ အာရုန်သည်မဝင်ရ။ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်။
25 သို့ဖြစ်၍ အာရုန်နှင့် သူ၏သားဧလာဇာကိုခေါ်၍ ဟောရတောင်ပေါ်သို့ ဆောင်သွားပြီးလျှင်၊
26 အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဧလာဇာကို ဝတ်စေပြီးမှ၊ အာရုန်သည် ထိုအရပ်၌သေ၍ မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု၊
27 မိန့်တော်မူသည်အတိုင်း၊ မောရှေပြု၍၊ သူတို့သည်ပရိသတ်အပေါင်းတို့ရှေ့မှာ ဟောရတောင်ပေါ်သို့ တက်ကြ၏။
28 မောရှေသည် အာရုန်၏အဝတ်ကိုချွတ်၍ သားဧလာဇာကိုဝတ်စေပြီးမှ၊ အာရုန်သည် တောင်ထိပ်၌ သေလေ၏။ မောရှေနှင့်ဧလာဇာတို့သည် တောင်ပေါ်က ဆင်းလာကြ၏။Ref ၂၀:၂၈။ ထွ ၂၉:၂၉။ တော၊ ၃၃:၃၈။ တရား၊ ၁၀:၆။
29 အာရုန်သည် အနိစ္စရောက်ကြောင်းကို ပရိသတ်အပေါင်းတို့သည် သိမြင်သောအခါ၊ ဣသရေလအမျိုးသားရှိသမျှတို့သည်၊ အာရုန်အတွက် အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။