15
ရှေးလူဟောင်းတို့၏နည်းဥပဒေ
(မာ ၇:၁-၁၃)
1 ထိုအခါ ယေရုရှလင်မြို့သား ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့သည် ချဉ်းကပ်ပြီးလျှင်၊-
2 ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေကို ကိုယ်တော်၏တပည့်တို့သည် အဘယ်ကြောင့် လွန်ကျူးကြပါသနည်း။ သူတို့သည် လက်မဆေးဘဲ အစာစားကြပါသည်တကားဟု လျှောက်ကြလျှင်၊-
3 ကိုယ်တော်က၊ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို အမှီပြု၍ ဘုရားသခင်၏ပညတ်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။-
4 ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟုလာသတည်း။-Ref ၁၅:၄။ ထွ ၂၀:၁၂၊ ၂၁:၁၇။ တရား၊ ၅:၁၆။ ဝတ်၊ ၂၀:၉။
5 သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို၊ သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု ဖြစ်စေဟုဆို၏၊-+ ၁၅း၅ သင်တို့မူကား၊---အလှူဝတ္ထု ဖြစ်စေဟုဆို၏ သင်တို့မူကား အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေ" ဟုဆိုသောသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု သင်တို့ဆိုကြ၏
6 ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ပညတ်တော်ကို ပယ်ကြ၏။-
7 လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကိုရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။-
8 လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေသပေးလျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏ဟု-
9 နောက်ဖြစ်လတ္တံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီဟု ပြန်၍မိန့်တော်မူ၏။-Ref ၁၅:၈-၉။ ဟေရှာ ၂၉:၁၃။
လူကိုညစ်ညူးစေသောအရာ
(မာ ၇:၁၄-၂၃)
10 ထိုအခါ လူအစုအဝေးကို အထံတော်သို့ခေါ်၍၊ သင်တို့ နားထောင် နားလည်ကြလော့။-
11 ခံတွင်းသို့ဝင်သောအရာသည် လူကိုညစ်ညူးစေသည် မဟုတ်။ ခံတွင်းမှထွက်သောအရာသည် ညစ်ညူးစေသောအရာ ဖြစ်သည်ဟု မိန့်တော်မူ၏။-
12 တပည့်တော်တို့သည် ချဉ်းကပ်၍၊ ယခုမိန့်တော်မူသော စကားကို ဖာရိရှဲတို့သည်ကြားသောအခါ စေတနာစိတ်ပျက်ကြသည်ကို သိတော်မူသလောဟု လျှောက်ကြ၏။-
13 ကိုယ်တော်ကလည်း၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏ခမည်းတော် စိုက်တော်မမူသော အပင်ရှိသမျှတို့ကို နှုတ်ရလိမ့်မည်။-
14 ထိုသူတို့ကို ရှိပါလေစေ။ သူတို့သည် လူကန်းတို့အား လမ်းပြသော လူကန်းဖြစ်၏။ လူကန်းချင်း တစ်ဦးကိုတစ်ဦး လမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်ဟု မိန့်တော်မူ၏။-Ref ၁၅:၁၄။ လု ၆:၃၉။
15 ပေတရုကလည်း၊ ထိုဥပမာကို အကျွန်ုပ်တို့အား ဖွင့်ပြတော်မူပါဟု လျှောက်လျှင်၊-
16 ယေရှုက၊ သင်တို့သည် ယခုတိုင်အောင် ပညာမဲ့လျက် နေသေးသလော။-
17 ခံတွင်းသို့ဝင်သမျှသည် ဝမ်းထဲသို့ဆင်း၍ ရေအိမ်တွင် စွန့်ပစ်သည်ကို နားမလည်ကြသေးသလော။-
18 ခံတွင်းမှထွက်သော အရာမူကား၊ နှလုံးထဲက ထွက်လာ၍ လူကို ညစ်ညူးစေသောအရာ ဖြစ်၏။-Ref ၁၅:၁၈။ မ ၁၂:၃၄။
19 မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍၊-
20 လူကို ညစ်ညူးစေသောအရာ ဖြစ်ကြ၏။ လက်မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏။
ခါနာန်အမျိုးသမီး၏ယုံကြည်ခြင်း
(မာ ၇:၂၄-၃၀)
21 ယေရှုသည် ထိုအရပ်မှထွက်၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူလျှင်၊-
22 ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှထွက်လာ၍၊ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှ ပြန်တော်မမူ။-
23 တပည့်တော်တို့သည် ချဉ်းကပ်၍၊ ထိုမိန်းမ ပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက်နေပါသည်ဟု တောင်းလျှောက်ကြ၏။-
24 ကိုယ်တော်ကလည်း၊ ဣသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှတစ်ပါး အခြားသောအမျိုးရှိရာသို့ ငါ့ကိုမစေလွှတ်ဟု မိန့်တော်မူ၏။-
25 ထိုမိန်းမသည် ချဉ်းကပ်၍ ပျပ်ဝပ်လျက် ကျွန်မကို ကယ်တော်မူပါသခင်ဟု လျှောက်ပြန်လျှင်၊-
26 ကိုယ်တော်က၊ သား၏အစာကိုယူ၍ ခွေးအားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။-
27 မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင်၊-
28 အို မိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိသည်အတိုင်း သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏သမီးသည် ကျန်းမာပကတိဖြစ်လေ၏။
ရောဂါများကိုငြိမ်းစေခြင်း
29 ယေရှုသည် ထိုအရပ်မှကြွ၍ ဂါလိလဲအိုင်နားသို့ ရောက်တော်မူလျှင် တောင်ပေါ်သို့တက်၍ ထိုင်တော်မူ၏။-
30 များစွာသောလူ အပေါင်းတို့သည် ခြေမစွမ်း၊ မျက်စိကန်း၊ စကားအ၊ အင်္ဂါချို့တဲ့သောသူမှစ၍ အခြားသော အနာရောဂါစွဲသောသူများကို ဆောင်ခဲ့လျက် အထံတော်သို့ ရောက်လာ၍ ခြေတော်ရင်း၌ ချထားကြ၏။-
31 အနာရောဂါများကို ငြိမ်းစေတော်မူသဖြင့်၊ အသောသူသည် စကားပြောသည်ကိုလည်းကောင်း၊ ချို့တဲ့သောသူသည် ပကတိဖြစ်သည်ကိုလည်းကောင်း၊ ခြေမစွမ်းသောသူသည် လှမ်းသွားသည်ကိုလည်းကောင်း၊ မျက်စိကန်းသောသူသည် မြင်ရသည်ကိုလည်းကောင်း၊ လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းသို့ရောက်၍ ဣသရေလအမျိုး၏ ဘုရားသခင် ဂုဏ်တော်ကို ချီးမွမ်းကြ၏။
လူလေးထောင်ကိုကျွေးမွေးခြင်း
(မာ ၈:၁-၁၀)
32 ထိုအခါ ယေရှုသည် တပည့်တော်တို့ကိုခေါ်၍၊ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူ ရှိကြပြီ။ စားစရာ အလျှင်းမရှိ။ လမ်းခရီး၌ မောမည်ကိုစိုးရိမ်သောကြောင့် အစာမစားမီ သူတို့ကိုလွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူလျှင်၊-
33 တပည့်တော်တို့က ဤမျှလောက်များသောလူစုတို့သည် ဝစွာစားလောက်သောအစာကို ဤတောအရပ်၌ အကျွန်ုပ်တို့သည် အဘယ်သို့ရနိုင်ပါမည်နည်းဟု လျှောက်ကြသော်၊-
34 ယေရှုက၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်းဟု မေးတော်မူလျှင်၊ မုန့်ခုနစ်လုံးနှင့် အနည်းငယ်မျှသော ငါးကောင်ကလေး ရှိပါသည်ဟု ပြန်လျှောက်ကြ၏။-
35 ထိုအခါ လူအစုအဝေးတို့ကို မြေပေါ်မှာလျောင်းကြစေဟု အမိန့်တော်ရှိ၏။-
36 မုန့်ခုနစ်လုံးနှင့် ငါးတို့ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့လည်း လူအပေါင်းတို့အား ပေးကြ၏။-
37 လူအပေါင်းတို့သည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍ ခုနစ်တောင်းအပြည့် ရကြ၏။-
38 စားသောသူ အရေအတွက်ကား၊ မိန်းမနှင့် သူငယ်ကို မဆိုဘဲ ယောက်ျားလေးထောင် ရှိသတည်း။-
39 ထိုလူများတို့ကို လွှတ်တော်မူပြီးမှ၊ လှေစီး၍ မာဂဒါလကျေးလက်သို့ ရောက်တော်မူ၏။-