13
ဗိမာန်တော်ပြိုပျက်မည့်အကြောင်း
(မ ၂၄:၁-၂ လု ၂၁:၅-၆)
1 ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော်တစ်ယောက်က၊ အရှင်ဘုရား ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကားဟု လျှောက်လျှင်၊-
2 ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ မတည်မနေရဟု မိန့်တော်မူ၏။
ဆင်းရဲဒုက္ခနှင့်ညှဉ်းပန်းခြင်းများ
(မ ၂၄:၃-၁၄ လု ၂၁:၇-၁၉)
3 ထိုနောက် သံလွင်တောင်ပေါ်မှာ ဗိမာန်တော်ရှေ့ရှု ထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊-
4 ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကိုလည်းကောင်း၊ ထိုအမှုအရာရှိသမျှတို့သည် ပြည့်စုံချိန်နီးသောအခါ အဘယ်ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါဟု အခြားသူမပါဘဲ လျှောက်ကြ၏။-
5 ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှာ သတိပြုကြလော့။-
6 အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။-
7 သင်တို့သည် စစ်တိုက်ကြောင်းကိုလည်းကောင်း၊ စစ်တိုက်အံ့သော သတင်းစကားကိုလည်းကောင်း ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် မဖြစ်သေး။
8 လူတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်းတို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦး ဖြစ်သတည်း။-
9 သင်တို့သည် ကိုယ်ကိုယ်ကို သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည် ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။-Ref ၁၃:၉-၁၁။ မ ၁၀:၁၇-၂၀။ လု၊ ၁၂:၁၁-၁၂။
10 ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။-
11 ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏချင်းတွင် သင်တို့ရသောစကားကိုသာပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလိုအလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ပြောတော်မူ၏။-
12 ထိုကာလ၌ ညီအစ်ကိုချင်း တစ်ယောက်ကိုတစ်ယောက် သေစေခြင်းငှာ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကိုရန်ဘက်ပြု၍ သေစေကြလိမ့်မည်။-
13 လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။Ref ၁၃:၁၃။ မ ၁၀:၂၂။
ရွံရှာဖွယ်သောအရာ
(မ ၂၄:၁၅-၂၈ လု ၂၁:၂၀-၂၄)
14 ပရောဖက်ဒံယေလ ဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင် ယုဒပြည်၌ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။-Ref ၁၃:၁၄။ ဒံ ၉:၂၇၊ ၁၁:၃၁၊ ၁၂:၁၁။
15 အိမ်မိုးပေါ်မှာရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစ်စုံတစ်ခုကို ယူခြင်းငှာ မဝင်စေနှင့်။-Ref ၁၃:၁၅-၁၆။ လု ၁၇:၃၁။
16 လယ်၌ရှိသောသူလည်း မိမိအဝတ်ကိုယူခြင်းငှာ နောက်သို့မပြန်စေနှင့်။-
17 ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သောမိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည် အလွန်ခက်ကြလိမ့်မည်။-
18 သင်တို့ ပြေးရသောအချိန်သည် ဆောင်းကာလ၌ မကျရမည်အကြောင်း ဆုတောင်းကြလော့။-
19 အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတ္တံ့သော ဒုက္ခသည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။-Ref ၁၃:၁၉။ ဒံ ၁၂:၁။ ဗျာ၊ ၇:၁၄။
20 ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသော သူတို့အဖို့အလိုငှာ ထိုကာလကို တိုစေတော်မူမည်။
21 ထိုအခါ သူတစ်ပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟု ဆိုသော်လည်း မယုံကြနှင့်။-
22 အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့သည် ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကို လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်နိမိတ်လက္ခဏာ အံ့သြဖွယ်သောအမှုတို့ကို ပြကြလိမ့်မည်။-
23 သင်တို့သည် သတိပြုကြလော့။ ထိုအကြောင်းအရာ ရှိသမျှကို ငါပြောနှင့်ပြီ။
လူသားကြွလာတော်မူမည့်အကြောင်း
(မ ၂၄:၂၉-၃၁ လု ၂၁:၂၅-၂၈)
24 ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။Ref ၁၃:၂၄။ ဟေရှာ ၁၃:၁၀။ ယေဇ၊ ၃၂:၇။ ယောလ၊ ၂:၁၀၊ ၃၁၊ ၃:၁၅။ ဗျာ၊ ၆:၁၂။
25 ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။-Ref ၁၃:၂၅။ ဟေရှာ ၃၄:၄။ ယောလ၊ ၂:၁၀။ ဗျာ၊ ၆:၁၃။
26 ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်တော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။-Ref ၁၃:၂၆။ ဒံ ၇:၁၃။ ဗျာ၊ ၁:၇။
27 ထိုအခါ လူသားသည် မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို အရပ်လေးမျက်နှာ ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍ စုရုံးစေတော်မူလတ္တံ့။
သင်္ဘောသဖန်းပင်မှသင်ခန်းစာ
(မ ၂၄:၃၂-၃၅ လု ၂၁:၂၉-၃၃)
28 သင်္ဘောသဖန်းပင်ကို အစွဲပြု၍ ပုံသက်သေတစ်ခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။-
29 ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို သိမှတ်ကြလော့။-
30 ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မီ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။-
31 ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကားတည်လိမ့်မည်။
ထိုအချိန်နာရီကိုမည်သူမျှမသိ
(မ ၂၄:၃၆-၄၄)
32 ထိုအချိန်နာရီကိုကား၊ ခမည်းတော်မှတစ်ပါး အဘယ်သူမျှ မသိ။ ကောင်းကင်တမန်များ မသိ။ သားတော်လည်း မသိ။-Ref ၁၃:၃၂။ မ ၂၄:၃၆။
33 ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့် သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။-
34 ဥပမာကား၊ လူတစ်ဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့် မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ဆောင်ရွက်စရာအမှုကို အသီးအသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေဟု မှာထားပြီးမှ သွားသည်ဖြစ်၍၊-Ref ၁၃:၃၄။ လု ၁၂း၃၆-၃၈။
35 အိမ်ရှင်သည် ညဉ့်ဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြလော့။-
36 သို့မဟုတ် အမှတ်တမဲ့လာ၍ သင်တို့အိပ်ပျော်သည်ကို တွေ့လိမ့်မည်။-
37 စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။