21
ယဇ်ပုရောဟိတ်များသန့်ရှင်းရခြင်း
1 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့အား ဆင့်ဆိုရမည်မှာ၊ အမျိုးသားချင်းသေသောသူအတွက် သင်တို့တွင်အဘယ်သူမျှ ညစ်ညူးခြင်းမရှိရ။
2 သို့ရာတွင် ပေါက်ဖော်ရင်းတည်းဟူသော မိဘ၊ သားသမီး၊ ညီအစ်ကို၊
3 လင်မနေသော ကညာနှမရင်းအတွက် ညစ်ညူးခြင်းကို ခံရသောအခွင့်ရှိ၏။
4 အမျိုးသားချင်းသူကြီးအတွက်၊ ကိုယ်ကိုယ်ကိုရှုတ်ချ၍ ညစ်ညူးခြင်းမရှိရ။
5 ယဇ်ပုရောဟိတ်သည် ဆံပင်ကိုမရိတ်ရ။ ပါးမုန်းကိုမရိတ်ရ။ အသား၌ ခုတ်ရှခြင်းကိုမပြုရ။
6 သူသည် မိမိဘုရားသခင်အဖို့ သန့်ရှင်းရမည်။ မိမိဘုရားသခင်၏နာမတော်ကို မရှုတ်မချရ။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မိမိဘုရားသခင်၏ အစာအာဟာရကို ပူဇော်သောကြောင့် သန့်ရှင်းခြင်းရှိရမည်။
7 သူသည်ပြည်တန်ဆာမိန်းမ၊ သီလပျက်သောမိန်းမ၊ လင်နှင့်ကွာသောမိန်းမနှင့် မစုံဖက်ရ။ မိမိဘုရားသခင်အဖို့ သန့်ရှင်း၏။
8 သင်၏ဘုရားသခင်ပွဲတော်ကို ဆက်သောကြောင့်၊ သူ့ကိုသန့်ရှင်းစေ၍၊ သူသည် သင့်အဖို့သန့်ရှင်းရမည်။ သင်တို့ကိုသန့်ရှင်းစေသော ငါထာဝရဘုရား သန့်ရှင်း၏။
9 ယဇ်ပုရောဟိတ်သမီးသည်၊ ပြည်တန်ဆာလုပ်၍ ကိုယ်ကိုယ်ကိုရှုတ်ချလျှင်၊ မိမိအဘကို ရှုတ်ချရာရောက်၏။ ထိုသူကို မီးရှို့ရမည်။
10 မိမိအမျိုးသားချင်းတို့တွင်၊ အဝတ်တန်ဆာဆင်လျက်၊ အရာ၌ခန့်ထား၍ မိမိခေါင်းပေါ်မှာ ဆီလောင်းခြင်းဘိသိက်ကိုခံသော ယဇ်ပုရောဟိတ်မင်းသည်၊ မိမိခေါင်း၌ တန်ဆာကိုမချွတ်ရ။ မိမိအဝတ်ကို မဆုတ်ရ။
11 အသေကောင်ကို မချဉ်းရ။ မိဘအတွက် ညစ်ညူးခြင်းကိုမခံရ။
12 သန့်ရှင်းရာဌာနတော်ထဲက မထွက်ရ။ မိမိဘုရားသခင်၏ သန့်ရှင်းရာဌာနတော်ကို မရှုတ်မချရ။ အကြောင်းမူကား၊ မိမိဘုရားသခင်၏ ဘိသိက်ဆီနှင့်ဆိုင်သော သင်းကျစ်ကို ဆောင်းရသောသူဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏။
13 ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာ စုံဖက်ရမည်။
14 မုဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည်တန်ဆာမိန်းမနှင့် မစုံဖက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဖက်ရမည်။
15 မိမိသားကို၊ အမျိုးသားချင်းတို့တွင် မရှုတ်မချရ။ ငါထာဝရဘုရားသည်၊ ယဇ်ပုရောဟိတ်မင်းကို သန့်ရှင်းစေသည်ဟုမိန့်တော်မူ၏။
16 တစ်ဖန် မောရှေအားထာဝရဘုရားက၊ သင်သည် အာရုန်အားဆင့်ဆိုရမည်မှာ၊
17 သင်၏အမျိုးအစဉ်အဆက်တွင် ကိုယ်၌အပြစ်ရှိသောသူသည်၊ မိမိဘုရားသခင်၏ပွဲတော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။
18 မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ နှာခေါင်းပိသောသူ၊ အင်္ဂါပိုလွန်သောသူ၊
19 လက်ကျိုးသောသူ၊ ခြေကျိုးသောသူ၊
20 ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။
21 ယဇ်ပုရောဟိတ်အာရုန်အမျိုးတွင်၊ ကိုယ်၌အပြစ်ပါသောသူ တစ်စုံတစ်ယောက်မျှ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။ ကိုယ်၌အပြစ်ပါသောကြောင့်၊ မိမိဘုရားသခင်၏မုန့်တော်ကို ဆက်ကပ်အံ့သောငှာ မချဉ်းမကပ်ရ။
22 သန့်ရှင်းသောမုန့်ဖြစ်စေ၊ အလွန်သန့်ရှင်းသောမုန့်ဖြစ်စေ၊ မိမိဘုရားသခင်၏ မုန့်တော်ကိုစားရမည်။
23 ကိုယ်၌အပြစ်ပါသောကြောင့်၊ ငါ့သန့်ရှင်းရာဌာနအရပ်တို့ကို ရှုတ်ချမည်ကို စိုးရိမ်၍၊ ကုလားကာအတွင်းသို့ မဝင်ရ။ ယဇ်ပလ္လင်သို့ မချဉ်းမကပ်ရ။ ငါထာဝရဘုရားသည် ထိုအရပ်တို့ကို သန့်ရှင်းစေသည်ဟု မိန့်တော်မူ၏။
24 မောရှေသည် အာရုန်နှင့်သူ၏သား ဣသရေလအမျိုးသားအပေါင်းတို့အား ဆင့်ဆိုလေ၏။