17
သွေး၏သန့်ရှင်းခြင်းဆိုင်ရာပညတ်
1 တစ်ဖန် မောရှေအားထာဝရဘုရားက၊
2 သင်သည် အာရုန်နှင့်သူ၏သား၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
3 ဣသရေလအမျိုးသား တစ်စုံတစ်ယောက်သည် သိုး၊ ဆိတ်၊ နွားကို တပ်ထဲမှာ သတ်သည်ဖြစ်စေ၊ တပ်ပြင်မှာသတ်သည်ဖြစ်စေ၊
4 ထာဝရဘုရား၏တဲတော်ရှေ့တွင် ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ ပရိသတ်စည်းဝေးရာ တဲတော်တံခါးသို့မဆောင်ခဲ့လျှင်၊ ထိုသူသည် အသက်သတ်သော အပြစ်ရှိသည်ဟုမှတ်ရမည်။ အသက်သတ်သော ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
5 ဣသရေလအမျိုးသားတို့သည် တော၌ပူဇော်သောယဇ်တို့ကို၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့တွင် ထာဝရဘုရားထံတော်မှာ ယဇ်ပုရောဟိတ်ရှေ့သို့ဆောင်ခဲ့၍၊ ထာဝရဘုရားအား မိတ်သဟာယယဇ်ပူဇော်စေခြင်းငှာ ထိုသို့စီရင်ရသတည်း။
6 ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်ကောင်အသွေးကို ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ရှိသော ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်မှာ ဖျန်း၍၊ ဆီဥကိုလည်း ထာဝရဘုရားအား မွှေးကြိုင်ရာဖို့မီးရှို့ရမည်။
7 သူတို့သည် အထက်ကမှားယွင်းသကဲ့သို့ နောက်တစ်ဖန် နတ်ဆိုးတို့အားယဇ်မပူဇော်ရ။ ဤပညတ်သည် သူတို့အမျိုးအစဉ်အဆက် စောင့်ရသောပညတ်တော် ဖြစ်သတည်း။
8 ဣသရေလအမျိုးသားချင်းဖြစ်စေ၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားဖြစ်စေ၊ မီးရှို့ရာယဇ်အစရှိသော အခြားသောယဇ်တစ်စုံတစ်ခုကို ပူဇော်သောအခါ၊
9 ထာဝရဘုရားအား ပူဇော်သကာပြုခြင်းငှာ၊ ပရိသတ်စည်းဝေးရာတံခါးသို့ မဆောင်ခဲ့လျှင်၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်ဟု သူတို့အားဆင့်ဆိုရမည်။
10 ဣသရေလအမျိုးသားမှစ၍၊ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသားတစ်စုံတစ်ယောက်သည်၊ အသွေးတစ်မျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။
11 အကြောင်းမူကား၊ ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်၏။ သင်တို့ပြုသောအပြစ်ကို ဖြေစေခြင်းငှာ၊ ထိုအသွေးကိုသင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါပေးပြီ။ လူအပြစ်ကိုဖြေသောအရာကား၊ အသွေးဖြစ်သတည်း။
12 ထိုကြောင့် သင်တို့၌ အဘယ်သူမျှ အသွေးကိုမစားရ။ သင်တို့တွင် တည်းနေသော တစ်ပါးအမျိုးသားလည်း အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။
13 ဣသရေလအမျိုးသားမှစ၍ သင်တို့တွင်တည်းနေသော တစ်ပါးအမျိုးသား တစ်စုံတစ်ယောက်သည်၊ မုဆိုးလုပ်၍စားစရာဖို့ သား၊ ငှက်ကိုဖမ်းမိလျှင်၊ အသွေးကိုသွန်၍ မြေနှင့်ဖုံးရမည်။
14 အသွေးသည် ခပ်သိမ်းသောကိုယ်ခန္ဓာ အသက်ရှင်ရာအကြောင်းဖြစ်၏။ ထိုကြောင့် သင်တို့သည် တစ်စုံတစ်ခုသောကိုယ်ခန္ဓာ၏အသွေးကိုမစားရဟု ဣသရေလအမျိုးသားတို့အား ငါ့အမိန့်တော်ရှိ၏။ ခပ်သိမ်းသော ကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့်၊ အသွေးကိုစားသောသူ မည်သည်ကား၊ ပယ်ရှင်းခြင်းကိုခံရမည်။
15 အလိုလိုသေသောအကောင်၊ သားရဲကိုက်၍ သေသောအကောင်၏အသားကို စားသောကိုယ်အမျိုးသား၊ တစ်ပါးအမျိုးသားမည်သည်ကား၊ စားလျှင် မိမိအဝတ်ကိုလျှော်၍ ကိုယ်ကိုရေချိုးရမည်။ ညဉ့်ဦးတိုင်အောင် မစင်ကြယ်ဖြစ်၏။ ထိုနောက် စင်ကြယ်ခြင်းရှိ၏။
16 အဝတ်ကိုမလျှော် ရေမချိုးလျှင်၊ ကိုယ်အပြစ်ကိုကိုယ်ခံရမည်ဟု ထာဝရဘုရားသည် ပညတ်တော်မူ၏။